SHADOW 1

62.8K 2.2K 92
                                    

"အထက ၁ ဒဂုံ"ဆိုသည့်ကျောင်းကြီးရှေ့တွင် လူများကတရုန်းရုန်း တအုန်းအုန်းနဲ့ရှုပ်ယှက်ခက်နေသည်။ ကျောင်းစတက်ရချိန်ဖြစ်သည်မို့ မိဘများက တရုန်းရုန်းနဲ့မိမိတို့၏သားသမီးများကိုလိုက်လံပို့ဆောင်ကြသည်။ ခြင်းတောင်းလေးကိုယ်စီဆွဲ လွယ်အိတ်ကလေးတွေကိုယ်စီနဲ့ကလေးငယ်များ ကလည်း ကျောင်းထဲသို့အလျှိုလျှိုဝင်သွားကြသည်။ ကျောင်းရှေ့တွင်မဝင်သေးဘဲရပ်နေသည့်ကျောင်းသားလေးတစ်ယောက်လည်းရှိနေပါသေးသည်။ လွယ်အိတ်ကလည်းလူထက်ကြီးနေပြီး လက်ထဲမှာလည်းခြင်းတောင်းလေးကကိုင်ထားသေးသည်။ ထိုကျောင်းသားလေးသည် ကျောင်းကားပေါ်မှဆင်းလာပြီးကတည်းက ကျောင်းထဲကိုအခုထက်ထိမဝင်သေးဘဲ ကျောင်းရှေ့မှာရပ်နေသေးသည်။ ကျောင်းသားလေးကတစ်ယောက်ယောက်ကိုမျှော်နေတဲ့ပုံထင်ရသည်။ သိပ်မကြာခင်မှာပဲ ကားအနက်ရောင် တစ်စီးက ထိုကလေးလေးအနားမှာလာရပ်သည်။ ကားပေါ်မှ အသက်လတ်ပိုင်းအမျိုးသားတစ်ဦးကပျာပျာသလဲဆင်းလာပြီး ကျောင်းသားလေးကိုကောက်ချီလိုက်သည်။

"သား ပါပါးနောက်ကျသွားတယ် ပါပါးကိုစိတ်မဆိုးနဲ့နော် ... ပါပါးသားလေးကိုနမ်းပါရစေ"

ပါပါးမလာခင်ကဘာမှမဖြစ်ဘဲပုံမှန်အတိုင်းဖြစ်နေသည့်မျက်နှာလေးက ပါပါးလာမှ စူပုပ်ပုပ်ကလေးဖြစ်သွားသည်။ စူပုပ်ပုပ်ကလေးဖြစ်နေသည့် သားလေး၏ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုအားရပါးရမွှေးကြူပစ်လိုက်သည်။

"စိတ်မဆိုးပါနဲ့သားရယ် ပါပါးညတုန်းကအလုပ်တွေအများကြီးလုပ်ရတော့ မနက်အိပ်ရာထနောက်ကျသွားတယ် ... ပါပါးမုန့်ဖိုးပေးမယ် မာမားတော့မသိစေနဲ့နော် ... သားလိုချင်တာတွေရှိရင်ဝယ်ဖို့ပေးတာ"

သားလေး၏လက်ဖောင်းဖောင်းလေးထဲသို့ ငါးထောင်တန်တစ်ရွက်ထည့်ပေးလိုက်သော်လည်း သူ့ရဲ့သားငယ်လေးကတော့စူပုပ်ပုပ်လေးဖြစ်နေပါသေးသည်။

"သားကပါပါးမလာတော့ဘူးလို့ထင်နေတာ"

"ပါပါးကမလာဘဲနေပါ့မလား စိတ်မဆိုးနဲ့တော့နော်"

"သားအိတ်ထဲကိုထည့်ပေး"

ပါပါးပေးတဲ့မုန့်ဖိုးကို သူ့လွယ်အိတ်ထဲကိုထည့်ခိုင်းသည်။ သူလေးကကျောပေးထားပြီး ပါပါးကလွယ်အိတ်ထဲကိုပိုက်ဆံထည့်ပေးလိုက်သည်။

SHADOWWhere stories live. Discover now