လက်နှစ်ဖက်စလုံးမှာအိတ်တွေအပြည့်နဲ့ရပ်ကွက်လမ်းလေးတစ်ခုထဲကိုဝင်လာသည် ။ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်နေလို့တစ်ရပ်ကွက်လုံးကတိတ်ဆိတ်နေသည် ။ ခွန်လေးခြံတစ်ခြံအရှေ့တွင်မတ်တပ်ရပ်လိုက်သည် ။ ခြံတိုင်လေးပေါ်ကလူခေါ်ဘဲလ်လေးကိုနှိပ်လိုက်သည် ။
အမျိုးသမီးတစ်ယောက်အိမ်ထဲမှထွက်လာသည် ။"မာမား သားပါ တံခါးဖွင့်ပါဦး"
မာမားကသက်ပြင်းတစ်ချချခေါင်းခါရင်း ခြံတံခါးကိုလာဖွင့်ပေးသည် ။ ခြံတံခါးဖွင့်ပေးပြီးတာနဲ့မာမားကအရှေ့ကနေအရင်ဝင်သွားသည် ။ ခွန်လေး လက်ထဲကအထုပ်တွေကိုချပြီး ခြံတံခါးပြန်ပိတ်ကာအထဲသို့ဝင်လာသည် ။ မာမားကဧည့်ခန်းထဲမှာထိုင်ပြီးစာအုပ်ဖတ်နေသည် ။ ခွန်လေး ဝယ်လာတဲ့ပစ္စည်းတွေ ဟင်းချက်စရာတွေကို မီးဖိုချောင်ထဲမှာသွားထားလိုက်သည် ။ မာမားကခွန်လေးကိုအာရုံမစိုက်ဘဲ စာအုပ်ကိုသာအာရုံစိုက်နေသည် ။
"မာမား သားဒီရက်ပိုင်းအတွင်းအလုပ်တွေအရမ်းများနေလို့မလာနိုင်ဖြစ်သွားတယ် ၊ မာမားနေကောင်းလား"
"မင်းမြင်တဲ့အတိုင်းပဲ"
ခွန်လေး မျက်နှာလေးငယ်သွားပြီး ခေါင်းလေးငုံ့ကျသွားသည် ။ သို့သော် ခွန်လေးခေါင်းပြန်မော့ပြီး အတတ်နိုင်ဆုံးပြုံးလိုက်သည် ။
"သွေးတိုးစာတွေမစားနဲ့နော်မာမား ၊ သားမာမားအတွက်ညစာပြင်ပေးမယ် ၊ ဒီညသားနဲ့အတူတူထမင်းစားရအောင် နော်"
"မင်းသဘောပဲလေ"
ခွန်လေးကိုတစ်ချက်တောင်မကြည့်ဘဲ စာအုပ်ကိုသာဖတ်နေရင်းပြန်ပြောသည် ။ ခွန်လေးအတွက်တော့ ဒါတွေကရိုးနေခဲ့ပါပြီ ။
ဒါပေမဲ့ သူမာမားကိုလုံးဝမမုန်းနိုင်ဘူး ။"ဒါဆို သား ညစာအတွက်ပြင်ဆင်လိုက်မယ်နော်"
မာမားဆီကစကားပြန်ကိုစောင့်ပေမဲ့ မာမားကတစ်လုံးမှမပြောဘဲ စာအုပ်သာဖတ်နေသည် ။ ခွန်လေး ထိုင်နေရာကနေထပြီးမီးဖိုချောင်ထဲကိုဝင်လိုက်သည် ။ ရေခဲသေတ္တာထဲကိုကြည့်လိုက်ပြန်တော့လည်း သူထင်ထားသည့်အတိုင်းဘာမှမရှိ ။ သူဝယ်လာသည့်အသီးအနှံတွေကို လှီးချွတ် ဆေးကြောပြီး ဗူးတွေဗူးတွေနဲ့အကုန်ထည့်ပေးထားလိုက်သည် ။ အအေးဘူးလေးတွေလည်းထည့်ပေးထားလိုက်သည် ။ အေပရွန်လေးဝတ်ပြီး အားရပါးရချက်ပြုတ်နေသည် ။ အရွက်ကြော်လေးတွေ ၊ ကြက်သားကိုချဥ်ချဥ်စပ်စပ်ကလေးချက်ပြီး အကုန်အဆင်သင့်ပြင်လိုက်သည် ။
![](https://img.wattpad.com/cover/202685900-288-k765867.jpg)
YOU ARE READING
SHADOW
RomanceYou can read not only unicode version but also zawgyi.❤ သျှားခွန်းသ & တံခွန်သစ် သျှားခွန်းသ & တံခွန်သစ် From 8. 10. 2019 To 20. 4. 2020