Zawgyi
သူ့ရဲ့ချွေးစီးတွေထွက်နေသည့်လက်တွေက ကားစီယာတိုင်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားမိသည်။သူ့ရဲ့ကြောက်လန့်စိတ်တပိုင်းတစကို ဒေါသစိတ်၊ခံပြင်းစိတ်တွေကအလုံးစုံဖုံးလွှမ်းအနိုင်ယူသွားသည်။သူ့မျက်စိရှေ့တွင်ရှိနေသည့်ကုန်တင်ကားကြီးကလည်းအရှိန်ဖြင့်သူ့အနားသို့တဖြည်းဖြည်းတိုး၍ရောက်လာလေသည်။တစ်ကိုယ်လုံးမှာရှိနေသည့်အားကိုခြေထောက်ကိုစုကာ ဘရိတ်ကိုနင်းပေမယ့်လည်းအရင်ကတည်းကကြိုတင်ကြံစည်ကာဘရိတ်ကြိုးကိုဖြတ်ထားခံခဲ့ရဟန်တူသည့်ကားက သူ့စိတ်အလိုကိုမလိုက်နိုင်။
"တောက်"
"တောက်"တစ်ချက်ကိုခပ်ပြင်းပြင်းခတ်ကာအရှေ့တည့်တည့်သို့သာဦးတည်သွားနေသည့်ကားကိုဒေါသတကြီးကျိန်ဆဲလိုက်မိသည်။သေချာတာပေါ့.... သူ့ကိုဒီလိုအခြေအနေမျိုးဖြစ်အောင်လုပ်ခဲ့တဲ့သူတွေကိုလည်းကျိန်ဆဲဖို့သူဘယ်မေ့ပါလိမ့်မလဲ။
သူ့ကိုဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့သူတွေက အခုအချိန်မှာကုသိုလ်ကောင်းမှုတွေအများကြီးလုပ်နေသင့်သည်။သူသာအသက်ရှင်လျက်နှင့်ဒီနေရာကနေပြန်လာနိုင်လျှင် ထိုလူတွေ၏နောင်ရေးကမသေချာသည်မို့သူတို့အနေနှင့်အခုအချိန်မှာဘုရားတရားကိုသာအာရုံစိုက်လုပ်နေသင့်သည်။
ထိုသို့သောလက်စားချေမည့်အတွေးမျိုးကိုတွေးမိသည်နှင့်နေဝန်းနီ၏နှုတ်ခမ်းဖျားလေးကကျောချမ်းဖွယ်ကောင်းအောင်ကော့တက်သွားလေသည်။သူ့ရဲ့ဒေါသကြောင့်စူးရှနေသည့်မျက်လုံးတို့ကမီးတောက်မီးလျှံတို့ထွက်လာမတတ်ပူပြင်းမှုကိုပေးစွမ်းနေသည်။အခုချိန်မှာသာ သူ့အနားမှာလူတစ်ယောက်ရှိနေမည်ဆိုလျှင် အခုသူ့ရဲ့ပုံစံကိုကြည့်ပြီး နှစ်လမ်းသွားလမ်းကျဉ်းလေးပေါ်မှာဘရိတ်ပျက်နေသည့်ကားကိုမောင်းနှင်ပြီးရှေ့တည့်တည့်တွင်ဆယ်ဘီးကားတစ်စီးနှင့်ထိပ်တိုက်ရင်ဆိုင်ကာအသက်အန္တရာယ်ကြုံနေရသည့်သူဟုထင်လိမ့်မည်မထင်။
"တီ...တီ...တီ...တီ..."
နေဝန်းနီတစ်ယောက် မိုက်ရူးရဲဆန်စွာဖြင့်ရှေ့တည့်တည့်မှသူ့ဆီကိုတန်းတန်းမတ်ရောက်အောင်မောင်းနှင်လာသည့်ကားကိုရင်ဆိုင်ရန် စိတ်ပိုင်းဖြတ်လိုက်ချိန်တွင်သူ့အနောက်နားဆီမှရုတ်တရတ်ထွက်ပေါ်လာသည့်ကားဟွန်းသံကြောင့်သူ့စိတ်တို့အနည်းငယ်ဝေဝါးသွားရသည်။ကားနောက်ကြည့်မှန်မှတစ်ဆင့် နောက်မှဟွန်းအဆက်မပြတ်တီးနေသည့်ကားကိုကြည့်မိတော့ ထိုကားကသူရင်းနှီးသည့်ကားမဟုတ်။
YOU ARE READING
ပြိုင်မျဉ်းတစ်စုံ