Zawgyi
နေဝန်းနီ ဒီနေရာကိုဘယ်လိုရောက်လာမှန်းကိုယ်တိုင်ပင်မသိ။သူ့စိတ်တွေအနည်းငယ်ပြန်လည်တည်ငြိမ်လာချိန်မှာတော့ သူ့ရှေ့ကလူဟာချောင်းတဟွတ်ဟွတ်ဆိုးကာ တုန်ရင်နေလေပြီ။သူ့အင်္ကျီတစ်ခုလုံးတွင်စွန်းထင်းနေသည့်သွေးစတွေဆီက အခုချိန်ထိသွေးညှီနံ့တစ်ချို့ပင်ရနေသေးသည်။ထိုသွေးကွက်တို့ကိုမြင်မှဆေးရုံမှာကျန်နေခဲ့သည့် မိုးသားရိပ်ကိုပြန်အမှတ်ရမိသည်။
အမှန်တော့သူဟာဆေးရုံမှဒေါသတကြီးနှင့်ထွက်လာခဲ့တာဖြစ်သည်။
"အဲ့ studio ကဦးသန့်ဇင်ပိုင်တာ၊အဲ့ဒါကြောင့်ဒီကိစ္စကိုသိသိချင်းခင်ဗျားတို့နှစ်ယောက်လုံးကို message ပို့ပြီးသတိပေးတာ၊ခင်ဗျားတို့က အဲ့တာတောင်သတိမထားကြဘူးလားဗျာ"
သူတို့ကိုအပြစ်တင်သလိုမချင့်မရဲပြောလာသည့် စစ်မှန်သော်၏စကားကိုပြန်ကြားယောင်မိခိုက်တွင်သူ့ရဲ့ဒေါသတွေက ပိုမိုဆူပွက်လာသည်။
'မိုးသားရိပ်ကကြိုသိနေခဲ့တယ်'ဆိုတဲ့အတွေးနဲ့တင်သူ့မျက်လုံးတွေက နီရဲတက်လာခဲ့သည်။ထိုအချိန်က သူ့ဖုန်းကိုစက်ပိတ်ထားခဲ့သည်မို့ စစ်မှန်သော်ပို့သည့် message ကသူ့ထံရောက်မလာခဲ့။ဒါပေမယ့် တစ်လမ်းလုံးထူးထူးခြားဖုန်းနှင့်မျက်နှာအပ်နေခဲ့သည့်မိုးသားရိပ်ကတော့ ထိုအကြောင်းကိုသိမှာအသေအချာပင်။သူ့အထင်မှန်ကန်ကြောင်းကသက်သေပြစရာမလို။တစ်ချိန်လုံးမျက်မှောင်ကြီးကြုတ်ကာပူပန်စိတ်လွှမ်းနေသည့်မိုးသားရိပ်၏မျက်နှာက သက်သေခံနှင့်ပြီးသားဖြစ်သည်။
ထိုသို့ကြိုတင်သိနေခဲ့နှင့်ပြီးသားဖြစ်သည့်တိုင်အောင် မိုးသားရိပ်ကသူ့ကိုဘာတစ်ခွန်းမျှမပြောခဲ့။အရာရာကိုဖုံးကွယ်ပြီးစိတ်တိုင်းကျလုပ်တတ်သည့် မိုးသားရိပ်၏အကျင့်ဆိုးကိုတွေးမိသည်နှင့် သူ့ဒေါသတွေကအတားအဆီးမဲ့ဖြစ်ရသည်။ထိုဒေါသတွေ၏အကျိုးဆက်ကိုခံစားရသူကတော့ သူ့ရှေ့မှာခွေခွေလေးလဲနေသည့် ဦးသန့်ဇင်ပင်။
အရှိန်ပြင်းပြင်းဖြင့်ကန်ကျောက်ထိုးကြိတ်ခံထားရသည့် ဦးသန့်ဇင်၏ခန္ဓာကိုယ်က တုန်ရင်နေသည်။သူ့အနားမှာဝန်ထမ်းအချို့ရုတ်ရုတ် ရုတ်ရုတ်ဖြင့်အံ့ဩတကြီးရှိနေသည့်တိုင်အောင်၊သူတို့အခုရောက်နေသည့်နေရာက ကုမ္မဏီရုံးခန်းမှာပဲရှိနေသည့်တိုင်အောင် နေဝန်းနီကတော့ဘာကိုမှဂရုမစိုက်ခဲ့။သူ့ရှေ့မှာအားအင်မဲ့စွာဖြင့်လဲလျောင်းနေသည့်လူကိုသာ ဒေါသတကြီးကန်ကျောက်နေမိသည်။
KAMU SEDANG MEMBACA
ပြိုင်မျဉ်းတစ်စုံ