Zawgyi
"ခွပ်!!"
မျက်နှာပေါ်ကို တရစပ်ကျရောက်နေသည့်လက်သီးချက်တွေကို မျက်နှာတစ်ချက်မပျက်ဘဲခံယူနေသည့် ကိုသက်လုံ၏ပုံစံက ဖြစ်ပြီးသမျှကိစ္စတွေအတွက် တစ်စက်ကလေးမျှနောင်တရဟန်မတူ။ထိုးကြိတ်သမျှကို အံကြိတ်ကာငြိမ်ခံနေသည့် ကိုသက်လုံကိုဒေါသစိတ်ပိုမိပေမယ့် မျက်လုံးထဲတွင်ကိုသက်လုံ၏မိသားစုဖြစ်သည့်ဇနီးနှင့်ကလေးကိုမြင်လိုက်မိချိန်မှာတော့ သူ့ရဲ့လက်တွေက အနည်းငယ်အားပျော့သွားသည်။
"ခင်ဗျား ဘာလို့ဒီလုပ်တာလဲ။ခင်ဗျားကို ဒီလိုလုပ်ပေးပါလို့ကျွန်တော်ခိုင်းလို့လား...ဟင်....ဘာလို့ခင်ဗျားတို့တွေက ကျွန်တော့ကိစ္စတွေကိုကိုယ့်သဘောနဲ့ကိုယ် ဝင်ရောက်စွက်ဖက်နေကြတာလဲ။"
ပြောရင်းဖြင့်ပင်ဒေါသထွက်စရာအကြောင်းတွေကခေါင်းထဲဝင်လာသည်မို့ ကိုသက်လုံ၏သွေးအနည်းငယ်စွန်းနေသည့်အင်္ကျီကို ကော်လာမှနေ ကိုင်ဆွဲလှုပ်မိသည်။သူပြုသမျှကိုငြိမ်ခံနေသည့်ကိုသက်လုံကတော့ အဆုံးထိတိုင်အောင်သည်းခံပေးနေမည့်ပုံ။
"ခင်ဗျား ဘာလို့ဒီလောက်တောင် ဉာဏ်နည်းရတာလဲ။ခင်ဗျားအခုလို အဲ့ဒီ blogger မိန်းကလေးနဲ့ပေါင်းပြီးသူတို့ကုမ္မဏီကိုနာမည်ဖျက်တာကိုသာ နေဝန်းနီသိသွားရင်ခင်ဗျားဘယ်လိုလုပ်မလဲ၊အဲ့ဒီသောက်ကျင့်မကောင်းတဲ့ ခွေးကောင်နေဝန်းနီက ခင်ဗျားကိုဒီအတိုင်းလွှတ်ထားမယ်များထင်နေလား။"
သူ့စကားကို ကိုသက်လုံကရယ်သံတစ်ချက်ဖြင့်တုံ့ပြန်သည်။ရယ်လိုက်ချိန်တွင်ပါးစောင်ဆီမှထွက်လာသည့်သွေးစတွေက ကိုသက်လုံ၏သွားဖြူဖြူတွေကိုဖုံးလွှမ်းသွားသည်။ထိုမြင်ကွင်းက ကြည့်ရက်စရာမရှိပေမယ့် ရှိုင်းစစ်ကတော့ မျက်မှောင်ကုပ်၍မမှိတ်မသုန်ကြည့်နေမိသည်။သူ့မျက်စိထဲတွင် ကိုသက်လုံ၏သနားစရာကောင်းသည့်ရုပ်သွင်လည်းမရှိသလို အခုကကုမ္မဏီ၏ရုံးခန်းထဲမှာပဲရှိနေသေးသည်ဆိုတာကိုလည်း သူသတိမထားမိ။သူ့ရဲ့စိတ်တွေက ကိုသက်လုံပြောလာမည့်ဖြေရှင်းချက်ပေါ်တွင်သာ အာရုံရောက်နေသည်။
YOU ARE READING
ပြိုင်မျဉ်းတစ်စုံ