အခန်း(၁၅)

5K 554 9
                                    

Zawgyi

        

      အားတင်းကာလှမ်းနေရသည့် နေဝန်းနီရဲ့ခြေလှမ်းတွေကလိုရာခရီးကိုမရောက်နိုင်သေး။တစ်‌လမ်းလုံးကိုယ်တိုင်ကားမောင်းပြန်ခဲ့ရတာရော၊ဒီရက်ပိုင်းအတွင်းမှာ product အသစ်ကိစ္စတွေ၊ကုမ္မဏီကိစ္စတွေနှင့်ရှုပ်နေခဲ့တာရောကြောင့် သူ့ရဲ့ခြေထောက်ကိုဂရုမစိုက်မိခဲ့။အခုတော့ သူ့‌ရဲ့ပေါ့လျော့မှုတွေကိုဒဏ်ခတ်သည့်အနေနှင့်ပေးလာသည့်နာကျင်မှုတွေက လမ်းလျှောက်ရန်ပင်ခက်ခဲသည့်အဖြစ်သို့ရောက်နေသည်။

     အခန်းဆီသို့ကြိုးစားအားတင်းကာလျှောက်နေသည့်သူ့ရဲ့ခြေထောက်တွေက သူ့စိတ်ရဲ့အလိုကိုမလိုက်နိုင်။တစ်လှမ်းချင်း လှမ်းလျှောက်နေရသည့်လှေကားထစ်တွေကဒီနေ့မှပင် ပို၍ရှည်လျားနေသည်ဟု သူထင်မိသည်။

    "သား....ခြေထောက်ကပြန်နာလို့လား"

    လှေကားတစ်ဝက်လောက်ကို နားလိုက်၊တက်လိုက်ဖြင့်ကြိုးစားတက်နေရသည့်သူ့ကို ‌အပေါ်ထပ်မှဆင်းလာသည့်မာမီက စိတ်ပူဟန်မေးသည်။ပုံမှန်ထက်လွန်ကဲပေါ်လွင်အောင်ဝတ်ဆင်ထားသည့်အဝတ်အစားတွေနှင့် ကျကျနနပြင်ဆင်ထားသည့်ဆံပင်ပုံစံကိုကြည့်ရုံဖြင့် မာမီကပွဲတစ်ခုကိုသွားရန်စီစဉ်ထားကြောင်းသူခန့်မှန်းမိသည်။

     "အဲ့တာပြောတာပေါ့...အေးအေးဆေးဆေးနားပါဦးဆိုတာကို သားကမာမီ့စကားကိုနားမှမထောင်တာ။"

    သူ့ကိုယ်ကိုပခုံးမှသိုင်းဖက်ကာဖေးမတွဲလျှောက်ပေးလာသည့် မာမီ့၏ကိုယ်လုံးသေးသေးလေးက သူ့လက်မောင်းကြားတွင်ပျောက်ကွယ်လုမတတ်ဖြစ်နေသည်။သူနှင့်နီးကပ်စွာရှိနေသည့် မာမီ့ထံမှ သူဘယ်အချိန်ရရ အသားမကျနိုင်သည့် ရေမွှေးနံ့ပြင်းပြင်းလေးကိုသူအမှုမှတ်မဲ့ရှူရှိုက်မိသည်။ဒါက တကယ်ကိုသူနှင့်ရင်းနှီးကျွမ်းဝင်ဖို့ခက်ခဲသည့်အရာပင်။

     "သောက်ဖို့ဆေးတွေရော ရှိသေးလား။လိမ်းဆေးရော...."

     သူ့ကိုအခန်းထဲထိတွဲပို့ကာ ကုတင်ပေါ်တွင်ထိုင်စေပြီး စားပွဲထက်က ‌ရေခွက်လေးထဲသို့ရေထည့်ကာ ဂရုတစိုက်မေးလာသည့် မာမီ့ဟန်ပန်က နှစ်ကာကကြာချီအောင်လူတစ်ယောက်ကို ပြုစုစောင့်ရှောက်လာခဲ့ရသည့်လူတစ်ယောက်၏ ပုံစံနှင့်ချွတ်စွပ်တူညီနေသည်။ဒါပေမယ့် ဖဲချပ်တွေလက်ကြားညှပ်နေသည့်အချိန် လက်မောင်း‌သေးသေးလေးကြားကိုအသာတိုးဝှေ့ကာ ဗိုက်ဆာကြောင်းပူဆာသည့် သားဖြစ်သူကိုခေါင်းခေါက်လွှတ်တတ်သည့်ပုံစံကသာ မာမီ့ရဲ့ပုံစံအစစ်အမှန်ဖြစ်ကြောင်း ဘဝတစ်ဝက်စာလောက်အတူတူနေလာခဲ့သည့် သူကိုယ်တိုင်သာအသိဆုံးဖြစ်သည်။

ပြိုင်မျဉ်းတစ်စုံWhere stories live. Discover now