Zawgyi
"ကိုမိုးသားရိပ်....နွားနို့လေးရပါပြီ"
မနက်မိုးလင်းသည်နှင့် ကြည်ဖြူဆိုသည့်မိန်းမငယ်လေး၏မိုးသားရိပ်ကိုခေါ်ဆိုသံခပ်တိုးတိုးကိုသူစကြားရသည်။ဒီကောင်မလေးကမိုးသားရိပ်အတွက်သီးသန့် သံပတ်ပေးထားသည့် စက်ရုပ်လေးလားဟုပင်သူထင်ယောင်ထင်မှားဖြစ်မိသည်။မနက်မိုးလင်းကတည်းကထိုမိန်းကလေး၏ပါးစပ်ဖျားတွင်နားခိုနေသည့်မိုးသားရိပ်၏နာမည်က ညမိုးချုပ်သည်အထိနားခိုနေတုန်းပင်။
"နွားနို့ကခုနကမှကြိုထားတာဆိုတော့ နည်းနည်းတော့ပူတယ်၊သတိထားနော်"
ထိုသို့စိုးရိမ်စိတ်ပူသည့်စကားတွေကိုအလွယ်တကူပြောထွက်တတ်သည့်ထိုမိန်းကလေး၏ဟန်ပန်ကဟန်ဆောင်လုပ်ယူနေသည့်ပုံတော့နည်းနည်းလေးမှမပေါက်။ကျောလယ်လောက်ရှိနေသည့်ဆံပင်ရှည်နက်နက်တွေကိုပိုင်ဆိုင်ထားသည့်ကြည်ဖြူဆိုသည့်မိန်းမငယ်လေးက နာမည်လေးအတိုင်းအများသူငါချစ်ခင်ကြည်ဖြူချင်စရာကောင်းအောင် ယဉ်ကျေးဖော်ရွေလွန်းသည်။
ထိုသို့ ကလက်တက်တက်အမူအရာတွေတစ်ချက်ကလေးမျှမထင်သည့်ထိုမိန်းကလေးက အခုလိုမိုးသားရိပ်အပေါ်တွင်လိုအပ်တာထက်ပို၍ဂရုစိုက်ပေးနေသည့်အပေါ်တွင်တော့သူသဘောမတွေ့မိတာအမှန်ပင်။ထိုမိန်းကလေး၏အပြုအမူတွေက Nurse တစ်ယောက်၏လူနာအပေါ်ထားသည့်ကြင်နာဂရုစိုက်မှုပေလား၊ဒါမှမဟုတ် မိန်းမသားတစ်ဦးကယောက်ျားသားတစ်ဦးအပေါ်တွင်ထားသည့် ကြင်နာယုယမှုတွေလားဆိုတာကိုတော့ သူဝေခွဲရခက်နေသည်။
ကြည်ဖြူလေးအပေါ်ဝေခွဲရခက်နေသလို မိုးသားရိပ်အပေါ်တွင်လည်းသူဝေခွဲရခက်နေပြန်ပါသည်။တခြားလူတွေနှင့်ဆို အေးစက်မာကြောလွန်းသည့်မိုးသားရိပ်က သူ့ထက် ၇နှစ်၊၈နှစ်လောက်ငယ်သည့် ထိုကလေးမလေးအပေါ်တွင်တော့နွေးထွေးနေသလိုပင်။မိုးသားရိပ်သဘောကျသည့်ပုံစံက ဒီလိုငယ်ငယ်ချောချောပုံစံမျိုးလားဟု မမျှော်လင့်ဘဲအတွေးရောက်မိတော့သူ့ရဲ့လက်တွေက အလိုလိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိပြီးသားဖြစ်သွားသည်။
YOU ARE READING
ပြိုင်မျဉ်းတစ်စုံ