1 (z+u)

8.6K 344 2
                                    

Zawgyi

အခန်း(၁)

REUNION

Kempinski ဟိုတယ်ရဲ့ အရှေ့ဘက် တံခါးမကြီးဆီမှာ အနီရောင် တက္ကစီတစ်စီး ရပ်တန့်လာပြီး၊ အသက်နှစ်ဆယ်ဝန်းကျင် မိန်းမပျိုလေးတစ်ဦး ကားထဲမှ ဆင်းလာသည်။ သူက ရိုးရှင်းသော အဖြူရောင်ချည်သား ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ဆံနွယ်ရှည်များကို ခပ်လျော့လျော့ ထုံးဖွဲ့ ထားလေရာ  တောက်တောက်ပပ ကြီးလည်းမဖြစ်လွန်းပဲ ရိုးရှင်းပြီး ခန့်ညားနေ၏။ မိတ်ကပ်ကိုလဲ သင့်တင့်ရုံသာ လိမ်းထားပြီး၊ သူမလက်ထဲတွင် အဖြူရောင် လက်ကိုင်အိတ်လေးသာ ကိုင်ထားလေသည်။ သည်လို အပြင်အဆင်နှင့် အနက်ရောင်ဗြောင် ဒေါက်ဖိနပ်တစ်စုံကလည်း သူမကို သီးခြားဆန်၍ ငြိမ်းချမ်းသော အိုအေစစ်မှ အလှနတ်ဖုရားမလေးကဲ့သို့ ဖြစ်နေစေသည်။

    သူမ၏ အလှက ရိုသေကျိုးနွံရမည့် အလှမျိုး မဟုတ်သော်လည်း၊ မျက်နှာသွင်ပြင်ကမူ သိမ်မွေ့နူးညံ့နေပြီး မှတ်မိလွယ်စေသော ရုပ်ရည်မျိုးဖြစ်သည်။ သူမ၏ သွင်ပြင်က တခြားသူများကို နူးညံ့သော နွေဦးလေညှင်းလေး တိုက်ခတ်လာသလို ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။ သည်အလှက မူးမေ့လောက်ဖွယ် အလှမဟုတ်သော်လည်း၊ မြင်ရသူများ၏ အာရုံကို ဖမ်းစားနိုင်စွမ်းတော့ ရှိနေသည် ဖြစ်၏။ သည်ထူးခြားသော အငွေ့အသက်များ လွှမ်းခြုံနေသည့် အမျိုးသမီးလေး၏ အမည်က ဟော်မြန့် ဖြစ်ပါ၏။

****

“အိုး.. ဟော်မြန့်၊ နင်ရောက်လာပြီလား။ ဒုတိယထပ်က ပီအိုနီခန်းမဆောင်ကို တက်သွားလိုက်။ အဲ့မှာ အကုန်လုံးက စောင့်နေတယ်။ နင်လာတယ် ဆိုတာသာ သိရင် သူတို့ အပျော်လွန်နေကြတော့မှာပဲ။“

တံခါးဝဆီမှာ ကြီးကြပ်နေသော အတန်းဖော် သူငယ်ချင်းဟောင်း က နွေးထွေးတဲ့ အပြုံးနှင့် ကြိုဆိုလေသည်။ ဟော်မြန့် က ခေါင်းညိတ်ကာ ပြန်ပြုံးပြလိုက်ပြီး ဒုတိယထပ်ဆီသို့ တက်လာခဲ့သည်။ ဘာကြောင့်မှန်း မသိသော်လည်း  သူ့ စိတ်အတွင်းထဲမှ မငြိမ်းချမ်းသော အသိတစ်ခုကို ခံစားနေရသည်။ သည်လို ခံစားချက်မျိုး သူ့ဆီမှာ မဖြစ်တော့တာ တော်တော်တောင် ကြာနေပြီကို။

အချစ်စတင်ခဲ့ရာ (volume one)Where stories live. Discover now