*Zawgyi*
လူတစ်ရပ်စာအမြင့်နှင့်ပေါက်နေသော ထူထူထပ်ထပ်မြက်ပင်တောကြားထဲမှ ဖောက်ထားသော လမ်းကြားသေးသေးလေးထဲသို့ ကားလေးတစ်စီး အရှိန်ပြင်းစွာနှင့်မောင်းနှင်လာပြန်သည်။ဘုံလေး၏ဆန္ဒအရ လမ်းမှာ မုန့်တစ်ခုလိုက်ကျွေး၊အချိန်တူတူဖြုန်းပေးခဲ့ပြီး အိမ်တိုင်ရာရောက် အသေအချာလိုက်ပို့ပေးခဲ့သည်။ဘုံလေးကို အိမ်ပြန်ပို့ပေးပြီး မိမိအိမ်ဆီ ပြန်လာသောအချိန်ကျတော့ ညဥ့်ကအတော်လေးနက်နေလေပြီ။ လက်ပတ်နာရီကိုကြည့်လိုက်တော့ ည၁၁နာရီဖြစ်နေပြီ။စံအိမ်ပြန်ရောက်တာနဲ့ ခြေလက်ဆေး၊မျက်နှာသစ်ပြီး အိပ်ရာထဲတန်းဝင်တော့မည် ဆိုသောအတွေးနှင့် ပိုင်စိုးနိုင်ကားကို ငိုက်မျဉ်းမျဉ်းနှင့် ပျင်းရိပျင်းတွဲမောင်းနှင်လာခဲ့တော့သည်။
အိမ်အပြန်လမ်းကိုဖြတ်မောင်းမိသည်နှင့် ဟိုနေ့ညက ကြောက်စရာအဖြစ်အပျက်ကို ချက်ချင်းတွေးမိသွားသောကြောင့် ထိုအတွေးကို ဦးနှောက်ထဲမှ မောင်းထုတ်လိုက်တော့သည်။ဒီနေ့ညတော့ သူ့ကို ဘာအနှောင့်အယှက်မှမပေး။ဘာအသံမှလည်းမကြားရ။ကြည့်ရတာ အဘွားကြီး ကျွတ်လွတ်သွားပြီထင်ပါရဲ့။
အတွေးပေါင်းသောင်းခြောက်ထောင်နှင့် မောင်းနှင်လာရာ "ပိုင်စံအိမ်"ထဲသို့ ကားတစ်စီး ချိုးကွေ့ဝင်ရောက်လာခဲ့သည်။ခြံထဲတွင်အသင့်စောင့်နေသော ခြံစောင့်သုံးလေးယောက်လောက်က သူတို့၏သူဌေးကားကိုမြင်သည်နှင့် တပြိုင်နက် ပျာပျာသလဲဖြစ်ကာ အချို့အိပ်ပျော်နေသည့်ခြံစောင့်များကို လှုပ်နှိုးလိုက်၊မျက်နှာသစ်လိုက်နှင့်အလုပ်ရှုပ်နေကြသည်။
ပိုင်စိုးကားပေါ်ကဆင်းလာသည်နှင့် ခြံစောင့်ထဲမှ ခေါင်းဆောင်ဟုထင်ရသောတစ်ယောက်က ပိုင်စိုးလက်ထဲမှBriefcaseကို လျင်လျင်မြန်မြန်ဇတ်ခနဲဆွဲယူလိုက်သည်။နောက်ခြံစောင့်တစ်ယောက်က ကားတံခါးကိုဂျိမ်းခနဲလှမ်းပိတ်ပေးသည်။သူ့ဘေးကတစ်ယောက်က အိမ်တံခါးဆီသို့အလျင်အမြန်ပြေးသွားကာ အိမ်တံခါးဖွင့်ပေးသည်။
ပိုင်စိုးအိပ်ခန်းထဲရောက်တော့မှ အိပ်ရာပေါ်ပစ်လှဲချကာ တနေ့တာပင်ပန်းသမျှကို ဖြေလျှော့ချမိသည်။ရုံးမှာLaptopကို အဆက်မပြတ်နှိပ်နေရ၍ ညောင်းနေသောလက်ချောင်းလေးများကို ဘေးနားမှ အသက်၂၀အရွယ်အိမ်ဖော်ကောင်လေးထံသို့ နှိပ်နယ်ရန် လက်ထိုးပေးဖြစ်သည်။နောက်အိမ်ဖော်ကောင်လေးတစ်ယောက်က ပိုင်စိုး၏ဇက်ကြောများကို လာနှိပ်နယ်ပေးသည်။နောက်တစ်ယောက်က ပိုင်စိုးခြေထောက်မှ ခြေအိတ်များကို လာချွတ်ပေးပြီး ခြေထောက်များကို ရေဆေး၊အကြောလျှော့နှိပ်နယ်ပေးဖြစ်သည်။
YOU ARE READING
ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)
Romance⚡Cover By Rina⚡-Romance Drama×Horror Theme- ⚡⚡အချစ်ကြီးသူ၊အငြိုးကြီးသူ၊အမှတ်သည်းခြေကြီးသူတစ်ယောက်ရဲ့ ကျိန်စာတွေဟာ နောင်တစ်ချိန်ချိန်မှာ ပျက်ပြယ်သွားနိုင်ပါ့မလား???⚡⚡ Beware of Your RL (It's not 3some fiction) Started➡️2.12.2020 Completed➡️16.1.2021 ...