*Zawgyi*
'သုခမြိုင်' စံအိမ်...
"သား...ကျောင်းက ပြန်ရောက်ပြီပေါ့။မယ်မယ့်နားလာထိုင်ပါအုံး"
သားဖြစ်သူ ၈တန်းကျောင်းသားလေး ကျောင်းမှပြန်လာပြီး မိမိထိုင်နေရာ ဧည့်ခန်းရှေ့မှဖြတ်သွားတာတွေ့လိုက်သောကြောင့် ဒေါ်တမာခိုင် သတင်းစာဖတ်နေရင်းမှ သားကို လှမ်းခေါ်လိုက်သည်။ဒီသားလေးဟာ သူ့အတွက် အသည်းအသက်လေး။ဖတဆိုးလေးမို့ အမေဖြစ်သူက အချစ်ပိုသည်လည်းပါသည်။
ဒေါ်တမာခိုင်လှမ်းခေါ်လိုက်တော့ သားဖြစ်သူက အမေရှိရာဧည့်ခန်းထဲသို့ ဝင်လာပြီး အမေထိုင်နေသောRocking chair၏ခြေရင်း၌ ဆောင့်ကြောင့်လေးလာထိုင်သည်။ရှေးရိုးဆန်ဆန်အယူအဆသီးသော မိသားစုဖြစ်တာကြောင့် မိဘနှင့်သားသမီးတောင် တန်းတူရည်တူ ထိုင်ခွင့်မရှိ။
"ပင်ပန်းနေပြီလား..ငါ့သား"
ဒေါ်တမာခိုင်က ပြည့်စုံနောင်၏နဖူးပေါ်ကျနေသော ခပ်အုပ်အုပ်ဆံပင်များကို နဖူးပေါ်သို့ ပြန်သပ်တင်ပေးရင်း မေးတော့ ပြည့်စုံက မယ်မယ့်ကို သူ၏ပါးချိုင့်နှစ်ဖက်ပေါ်လာအောင် ပြန်ပြုံးပြလိုက်သည်။
"နည်းနည်းပါ..မယ်မယ်"
မယ်မယ့်မျက်နှာက အပြုံးအရယ်မရှိဘဲ မာမာတင်းတင်းဖြစ်သည်။ အဖေဆုံးသွားပြီးသည့်နောက်ပိုင်းမှာ မယ်မယ့်မှာအပြုံးအရယ်မရှိတော့။ ဘယ်အချိန်မှပြုံးလဲဆိုရင် ပြည့်စုံ ကျောင်းမှာအဆင့် ၁ရလာသည်ဟုဆိုလျှင် မယ်မယ်က မခို့တရို့ကျေနပ်ပြုံးပြုံးသည်။ဤမျှလောက်သာ။
"ထမင်းစားတော့မလား..သား။ဒေါ်အိကိုသွားပြင်ခိုင်းလိုက်တော့မယ်လေ.."
"သားမဆာသေးဘူး..မယ်မယ်။ရေချိုးအဝတ်အစားလဲပြီးမှ သားပြန်ဆင်းခဲ့ ပါ့မယ်"
"အေးအေး..စာကြိုးစားနော် သား။မယ်မယ် ဒါပဲပြောချင်တယ်။နောက်ပြီး ကျောင်းမှာ ကောင်းတဲ့သူငယ်ချင်းတွေနဲ့ပဲပေါင်း။ကိုယ့်ကိုဖျက်ဆီးစေမယ့်၊ ဒုက္ခရောက်စေမယ့်လူတွေနဲ့မပေါင်းနဲ့.."
ဒါဟာ သူ့ကို မယ်မယ်အမြဲမှာနေကျစကားများဖြစ်တာကြောင့် ပြည့်စုံ၏နားထဲမှာ အပ်ကြောင်းများတောင်ထပ်နေလေပြီ။မယ်မယ်ဟာ သူ့အပေါ်အလွန်ချစ်တာကြောင့် မူကြိုကလေးတစ်ယောက်လို မှာကြားနေခြင်းပင်။မယ်မယ်က သူ့ကိုအမြဲပြောသည်။သူဟာ တစ်ချိန်မှာဒီ 'သုခမြိုင်' စံအိမ်ကြီး၏ပိုင်ရှင်ဖြစ်လာမည့်သူ၊ ဒီစံအိမ်၏မျိုးဆက်၊အရိုက်အရာကို ဆက်ခံမည့်တစ်ဦးတည်းသောသားဖြစ်တာကြောင့် မယ်မယ်က သူ့အပေါ်ကို လိုတာထက်ပို၍ အများကြီးမျှော်လင့်ထားလေသည်။
YOU ARE READING
ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)
Romance⚡Cover By Rina⚡-Romance Drama×Horror Theme- ⚡⚡အချစ်ကြီးသူ၊အငြိုးကြီးသူ၊အမှတ်သည်းခြေကြီးသူတစ်ယောက်ရဲ့ ကျိန်စာတွေဟာ နောင်တစ်ချိန်ချိန်မှာ ပျက်ပြယ်သွားနိုင်ပါ့မလား???⚡⚡ Beware of Your RL (It's not 3some fiction) Started➡️2.12.2020 Completed➡️16.1.2021 ...