⚡Chapter (30)⚡

1K 109 41
                                    

*Zawgyi*

တစ်နှစ်ခန့်ကြာသော်...(1Year Later)

သစ်ရွက်များဝေဆာ၊နှင်းမှုန်များဝေသော ဆောင်းရာသီမှတစ်ဆင့် ရွက်ဟောင်းကြွေပြီးပူပြင်းခြောက်သွေ့နေသော နွေရာသီသို့ရောက်ရှိခဲ့သည်။ သစ်ရွက်များကြွေသောနွေရာသီမှ အဖူးအငုံဝေဆာသောသစ်ပင်ပန်းမန်များ အတွက် အထောက်အကူဖြစ်စေခဲ့သော မိုးဖြိုင်ဖြိုင်ရွာသည့်ဝသန်မိုးဥတုသို့ တစ်ဖန်ရောက်ရှိခဲ့ပြန်သည်။ထိုမိုးရာသီမှတစ်ဆင့် ယမန်နှစ်ကဒီလိုအချိန်ကဲ့သို့ ဆောင်းရာသီသို့ရောက်ရှိလာခဲ့တော့သည်။ ရာသီစက်ဝန်းကြီးက သူ့ဘာသာသူ တစ်ပတ်ပုံမှန်လည်ပတ်နေသော်လည်း ရင်ထဲက လွမ်းဆွတ်သောစိတ်နှင့်သောကများဟာ အလိုလိုပျောက်ကွယ်သွားသည် ထုံးစံမရှိ။ရင်ထဲက အလွမ်းမီးများဟာ တစ်နေ့ထက်တစ်နေ့၊တစ်လနှင့်တစ်လ၊တစ်နှစ်နှင့်တစ်နှစ် ပိုတိုးလို့သာရှိနေခဲ့တော့သည်။ယခင်နှစ်ကနှင့်အခုအချိန်ဘာတွေပြောင်းလဲ သွားပြီလဲဟု ကောက်ကြောင်းပြန်ယူကြည့်သောအခါ ဘာဆိုဘာမှ မပြောင်းလဲ။ပါးဟာလည်း သူ့အလုပ်နှင့်သူ သူ့ကုမ္ပဏီနှင့်သူ အလုပ်များ အဆက်မပြတ်ရှုပ်နေသည်။သို့သော် သားဖြစ်သူအပေါ်ကို အချိန်တော့ လုံလုံလောက်လောက်ပေးရှာသည်။မိုးသုခဘုံ တွေဝေငေးမောလွမ်းဆွတ် နေလျှင် ဘေးနားမှပခုံးလေးပုတ်ပြီးလာနှစ်သိမ့်ပေးသလို အဖေလိုတစ်မျိုး၊ ချစ်ခင်ရသောသူငယ်ချင်းလိုတစ်မျိုး အဖော်ပြုပေးတတ်သည်။ဒါဟာလည်း စိတ်ရောဂါအထူးကုဆရာဝန်ကြီး၏ပြောစကားမှစ၍ အရင်းတည်သည်။ ဆရာဝန်နှင့်မိုးသုခဘုံကိုတွေ့ကြည့်လိုက်သောအခါ မိုးသုခဘုံကို အထီးမကျန်အောင်၊တစ်ယောက်တည်းမဖြစ်အောင်၊ထိုလူကို အမြဲတမ်း မတမ်းတနေမိအောင် လုပ်ပေးရမည်ဟုမှာထားသဖြင့် ထိုတာဝန်များဟာ ပြည့်စုံနောင်၏ခေါင်းပေါ်သို့ အထုပ်လိုက်ပြုတ်ကျလာခဲ့ပေသည်။ မိုးသုခဘုံဘက်ကကြည့်ပြန်လျှင်လည်း ပါးနှင့်တခါတလေ စကားပြောရတာ ပျော်သလိုလိုတော့ရှိသည်။ဒါပေမဲ့ လုံးဝအပြည့်ကြီးတော့မပျော်။ပါးနဲ့ မိုးသုခဘုံဆိုတာ အရင်ကတည်းက အစီးမကပ်တာကတစ်ကြောင်း၊ ပါးဟာ သူ့ကို လူနာတစ်ယောက်လို၊စိတ်ရောဂါသည်တစ်ယောက်လို အထူးပြုဆက်ဆံနေတာကတစ်ကြောင်းရယ်ကြောင့် ပိုစိတ်ညစ်ရသည်။ ပါးဟာလည်း အချိန်တိုင်းအားမြဲတိုင်းအားနေသည့်စက်ရုပ်မှမဟုတ်ဘဲ။ ဒါကြောင့် မိုးသုခဘုံကို ၂၄နာရီအပြည့် ထိုင်စကားပြော၊ထိုင်အဖော်ပြုပေးခြင်း ဘယ်လုပ်ပေးနိုင်မလဲ။ထို့ကြောင့် ပါးက သူ့ကိုယ်စား အိမ်တော်ထိန်းများကို ခိုင်းလိုရာခိုင်း သုခမြိုင်စံအိမ်ကြီးလျှံထွက်မတတ် ထားပေးထားသည်။ သို့သော် ဒီအိမ်တော်ထိန်းတွေက မိုးသုခဘုံ ပြောသည့် ဘုံ့၏ချစ်ရသူအကြောင်း၊ဘုံ့ရင်ထဲက ရင်တွင်းဖြစ်ခံစားချက်များကို နားလည်နိုင်မှာမို့လို့လား။သွားပြောကြည့်လျှင်လည်း မိုးသုခဘုံ တစ်ယောက်တည်း အရူးပုံစံနှင့် သွားပြောသလိုဖြစ်နေမှာအသေအချာ။ သူတို့လည်း မိုးသုခဘုံ၏ 'ဦးပိုင်ရောဂါ'ကို ဝိုင်းကုစားပေးလို့ရမှာမဟုတ်သည့်အတွက် ဖင်ကုတ်ခေါင်းကုတ်နှင့် လုပ်နေကြမှာ မလွဲဧကန်ပင်။ရင်ဖွင့်စရာလူမရှိသည့်နောက်ပိုင်း မိုးသုခဘုံ တစ်ယောက်တည်းနေသားကျလာခဲ့သည်။အားလျှင် သီချင်းနားထောင်သည်။စိတ်တည်ငြိမ်မှုရရှိစေရန်Wattpadထဲက ဝတ္ထုကောင်းတစ်ချို့ကို ရွေးချယ်ကာဖတ်ဖြစ်သည်။သို့သော် စိတ်ကမတည်ငြိမ်လာသည့်အပြင် Wattpad ficထဲက အသက်၃၆နှစ်အရွယ်လောက်ရှိသော ဦးဇာတ်တွေကို ဖတ်မိတိုင်း စိတ်တွေက ဦးပိုင်ဆီသို့ရောက်သွားစမြဲ။ဒါကြောင့် ဦးနဲ့ခေးဇာတ်ဆိုလျှင် မိုးသုခဘုံ ရှောင်ဖတ်ဖြစ်သည်။တခါတလေ တစ်ယောက်တည်း ချောင်မှာနေရင်း တိတ်တိတ်လေးဆွေးကာ မျက်ရည်ကျမိသည်။တခါတရံ အခန်းထဲမှာထောင်ထားသော အမွှေးပွရုပ်လေးများနှင့်စကားပြောဖြစ်သည်။တခါတလေ ကောင်းကင်ပေါ်မှာ လင်းလက်နေသော ကြယ်လေးများနှင့် ဦးပိုင်အကြောင်းဆွေးနွေးဖြစ်သည်။ဦးပိုင်ဟာ ဘယ်လောက်ယောက်ျားပီသ ချောမောသည်၊ဘယ်လောက်ချစ်စရာကောင်းသည် စသည့်အချက်များကို ကြယ်လေးတွေတောင်သိနေလောက်ပြီထင်ပါရဲ့။

ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)Onde histórias criam vida. Descubra agora