⚡Chapter (5)⚡

2.4K 239 21
                                    

*Zawgyi*

နှင်းမှုန်လိုလို၊မြူမှုန်လိုလို မှုန်မှီမှုန်ဝါးအမှုန်များက ရှေ့ဆက်သွားရမည့်မြင်ကွင်းကို ပိတ်ကာထားသောကြောင့် ရှေ့ကို ဘာမှမမြင်ရလောက်အောင် မမြင်မစမ်းဖြစ်နေသည်။ထိုစဉ် အဖြူရောင် အလင်းတန်းစူးစူးကြီးက မျက်စိကို ဖျတ်ခနဲစူးသွားစေတာမို့ မျက်လုံးကို ဖြည်းဖြည်းချင်းပြန်ဖွင့်ယူရသည်။ထိုအချိန် အဖြူရောင်အလင်းတန်းများကြား သူ့ရှေ့သို့ တစ်စက္ကန့်စာမျှလောက် ဖျတ်ခနဲဖြတ်ပြေးသွားသော အရိပ်တစ်ခုကို သူမြင်လိုက်ရသည်။မယ်မယ်...။မယ်မယ်မှန်းချက်ချင်း သိလိုက်ရ၍ မယ်မယ့်နောက်သို့ လျင်မြန်စွာပြေးလိုက်ရသည်။မယ်မယ်က ဘာလို့ဒီကိုရောက်နေရတာလဲ??မယ်မယ့်ကို မှီရန် ခြေဆယ်လှမ်းလောက်အလိုမှာ မယ်မယ့်နှင့်အတူပြေးလွှားနေသော သူ့အရွယ်ကောင်လေးတစ်ယောက်ကိုလည်း ထင်ထင်ရှားရှားတွေ့မြင်လိုက်ရ ပြန်သည်။မယ်မယ်ဟာ ထိုကောင်လေးလက်ကို အားကိုးတကြီးဆွဲကိုင်ကာ ပြေးလွှားနေစဉ် တစ်နေရာရောက်တော့ ခလုတ်ကန်သင်းတစ်ခုကြောင့် မယ်မယ်လဲကျသွားသည်။မယ်မယ်နှင့်အတူ ထိုကောင်လေးပါလဲကျသွားလေသည်။မယ်မယ်တို့နှစ်ယောက်လဲကျသွားသဖြင့် ပြည့်စုံ မယ်မယ့်ကို မှီသွားသည်။မယ်မယ့်ပါးစပ်မှာ သွေးတွေနှင့်ပြည့်နေပြီး အပြင်ဘက်သို့ သွေးများကိုအန်ထုတ်နေရသည်။ မယ်မယ့်မျက်နှာမှာ သွေးမရှိစွာဖြူဖပ်ဖြူရော်နှင့်။မယ်မယ်နှင့်အတူ ပါလာသောကောင်လေး၏ဦးခေါင်းမှာလည်း သွေးတွေနှင့်။ထို့နောက် မယ်မယ်နှင့်ထိုကောင်လေးတို့ နှစ်ယောက်သား မလှုပ်မယှက်ငြိမ်သက်သွား ကြသည်။မယ်မယ်ရော၊ထိုကောင်လေးရော အသက်မရှိကြတော့ပါ။ပြည့်စုံ တစ်ယောက်တည်း ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး မယ်မယ်တို့နှစ်ယောက်၏ အလောင်းများကို မ,သယ်ရန် လူများကို အော်ဟစ်အကူအညီတောင်းမိသည်။သို့သော် တစ်ယောက်မှမလာ။ထို့ကြောင့် သူကိုယ်တိုင်မတ်တပ်ထရပ်လိုက်ပြီး ကူညီပေးမည့်လူကို ရှာဖွေမိသည်။ထိုအချိန် သူနှင့်ခြေဆယ်လှမ်းလောက် အကွာမှာ လူတစ်ယောက်၏ပုံရိပ်ကို ဝိုးတဝါးမြင်လိုက်ရသောကြောင့် ပြည့်စုံ ဝမ်းသာသွားသည်။သူတို့ကို ကူညီပေးမည့်လူကို တွေ့ပြီ...။ထိုလူဆီသို့ ပြည့်စုံ တစ်လှမ်းချင်းလမ်းလျှောက်သွားလိုက်တော့ ထိုလူ၏မျက်နှာကို ထင်ထင်ရှားရှားမြင်လိုက်ရသည်။ပိုင်စိုး...။ပိုင်စိုး၏မျက်နှာမှာ လွန်စွာခက်ထန်နေပြီး သွေးအေးလူသတ်သမားပုံစံပင်...။ပိုင်စိုးဆီသို့ ပြည့်စုံဝမ်းသာအားရပြေးသွားမိလိုက်တော့သည်။

ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)Where stories live. Discover now