⚡Chapter (41)⚡

1.6K 142 44
                                    

*Zawgyi*

'သုခမြိုင်'စံအိမ်ရှေ့သို့Taxiတစ်စီးထိုးရပ်လာသည်။ထိုTaxiပေါ်မှ မျက်နှာနွမ်းနွမ်းလျလျရှိသောကောင်လေးတစ်ယောက် ညိုးနွမ်းစွာဆင်းလာလေသည်။ထိုကောင်လေးက စံအိမ်ရှေ့ရောက်သည်နှင့် သုခမြိုင်ကြီးကို မော့ကြည့်လိုက်သည်။သြော်..သူဒီအိမ်ကြီးနဲ့ခွဲခွာခဲ့ရတာ ၆လကျော်လောက်တောင်ရှိခဲ့ပြီပဲ။ပါးရဲ့အငွေ့အသက်တွေရှိနေခဲ့တဲ့အိမ်၊ ဘုံ ငယ်ငယ်တုန်းက ပါးနဲ့တူတူ သုခမြိုင်စံအိမ်ရှေ့ကခြံမြက်ခင်းပေါ်မှာ စိန်ပြေးလိုက်တမ်းဆော့ကစားရင်းပျော်ရွှင်ခဲ့ဖူးတဲ့နေရာ..။ဒီလောက်နွေးထွေးတဲ့စံအိမ်ကြီးကိုခွဲခွာပြီး ဦးပိုင်နဲ့တူတူနိုင်ငံရပ်ခြားကို လိုက်သွားခဲ့မိတာ.. ဘုံမှားတယ်လို့ထင်မိတာပဲ။

မိုးသုခဘုံငေးကြည့်နေရင်းနဲ့မှ ခြံစောင့်မောင်ထူးက ခြံထဲမှရုတ်တရက်ထွက် လာသည်။မိုးသုခဘုံကိုမြင်သည်နှင့် မောင်ထူးက အံ့သြသွားကာ ဝမ်းပန်းတသာဆီးကြိုသည်။

"သခင်လေး..ပြန်လာပြီ!!လာ..လာ..အပေါ်ထပ်မှာ သခင်ကြီးရှိတယ်"

မောင်ထူးက မိုးသုခဘုံ၏Luggageကြီးကို လက်နှစ်ဖက်နှင့်ဆွဲယူပြီး အိမ်ထဲသို့ ဝင်သွားသည်။မိုးသုခဘုံကတော့ သုခမြိုင်ကြီးကို အလွမ်းသယ်လို့မပြီးသေး။

တစ်လှမ်းချင်း၊တစ်လှမ်းချင်း ဖြည်းဖြည်းလျှောက်သွားခဲ့ပြီး စံအိမ်ထဲသို့ ဝင်သွားခဲ့သည်။စံအိမ်အောက်ထပ်မှာ ဘယ်သူမှရှိမနေ။ဒါဆို ပါးက အပေါ်ထပ်အိပ်ခန်းမှာပဲဖြစ်လိမ့်မည်။အေးလေ..ပါးက နေမှမကောင်းတာ။

...

"သခင်ကြီး..။သခင်လေး ပြန်ရောက်လာပြီ.."

ပြည့်စုံအိပ်ရာပေါ်မှာ အနားယူနေရင်း ငေါက်ခနဲထထိုင်မိသည်။သားပြန်လာပြီ။ နောက်ဆုံးတော့သား သူ့ဆီပြန်လာပြီ။တွန့်လိမ်ကြေမွနေသော အိမ်နေရင်းဝတ်စုံကို လက်နှင့်ပြန့်အောင် မသေမသပ်လုပ်လိုက်ပြီး သားအိပ်ခန်းထဲဝင်အလာကို ထိုင်စောင့်နေမိသည်။

မိုးသုခဘုံ ပါး၏အိပ်ခန်းထဲကိုဝင်လာသည်နှင့် အိပ်ရာပေါ်မှာ သူ့ကိုမျှော်လင့်တကြီးစောင့်ဆိုင်းနေသည့်မျက်နှာထားနှင့် ငုတ်တုတ်လေး ထိုင်နေသော ပါးကိုတွေ့ရသည်။ပါး၏မျက်နှာလေးမှာ အရင်ကနှင့်မတူ ဖြူဖျော့နေသည်။အရင်ကလို ယုံကြည်ချက်ပြည့်ပြည့်နှင့်မျက်နှာထားမဟုတ်။ အိပ်ရာပေါ်မှာ ခြောက်လတာလောက်နေလိုက်ရတာမို့ အားမရှိအင်မရှိရုပ် ဖြစ်နေသည်။ဆံပင်လေးများက မဆိုသလောက်ပွယောင်းနေသည်။ အိမ်နေရင်းဝတ်စုံများက ဖရိုဖရဲနှင့်ကြေမွနေသည်။သို့သော် မျက်နှာမှာတော့ ပြုံးရိပ်တစ်ခုကို ဆင်မြန်းထားသည်။ပြုံးနေသော်လည်း ပြုံးဖို့တောင် အားအင်မရှိသောအပြုံးလေး။

ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)Where stories live. Discover now