Prologue

794 54 2
                                    

                    နှင်းလွှာဖြူနှင့်အမှောင်ထု

2019 ခုနှစ်။
အက်ဒင်ဘရာမြို့တော်၊ စကော့တ်လန်။

ဒီဇင်ဘာလ ဒုတိယအပတ်ဖြစ်သည့်အလျောက် လမ်းမတန်းနှင့် အဆောက်အအုံတို့ကား နှင်းမှုန်တို့ ဖွေးဖွေးလှုပ်ဖုံးလွှမ်းနေ၏။ စိုစွတ်အေးစက်လှသည့် ပတ်ဝန်းကျင်ကား ခြောက်ခြားဖွယ်အတိ။

ယွင်ရှီး လက်ထဲရှိ အဖြူရောင်နှင်းဆီပန်းစည်းကို တစ်ချက်ငုံ့ကြည့်မိသည့်နောက် အပေါ်ဝတ် လောင်းကုတ်ကို ဆွဲစေ့လိုက်ရင်း သက်ပြင်းတစ်ချက် ခပ်လေးလေး မှုတ်ထုတ်လိုက်မိသည်။

ယနေ့က ယွင်ရှီးတို့နှင့် မေဂျာတူကျောင်းသူတစ်ဦး၏ စျာပနပင်။

သုဿာန်တစပြင်ကား နှင်းရည်နှင်းခဲတို့ဖြင့် ဖြူဆွတ်အေးစက်နေ၏။ ပတ်ဝန်းကျင်၏ အရောင်အဆင်းနှင့်ခြားနားစွာပင် စျာပနအခမ်းအနား၌ အနက်ရောင်ပုံရိပ်များ ငြိမ်သက်နေကြ၏။

ယွင်ရှီးလူအုပ်၏အစွန်းအဖျား၌ တိတ်တဆိတ် ရပ်နေရင်းသာ ကွယ်လွန်သူအတွက် တောင်းဆုပြုလိုက်သည်။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သုဿာန်အတွင်းရှိလူများမှာ တစ်စတစ်စ လျော့ပါးလာ၏။ ယွင်ရှီးလည်း ရှေ့တိုးသွားလိုက်ရင်း ယူဆောင်လာသည့်ပန်းစည်းကို သတ်မှတ်နေရာ၌ ထားရှိလိုက်၏။

ပိုင်လိကျူး အသက် (၂၄) နှစ်။
13.5.1995-8.12.2019.

မြင်ကွင်းရှေ့တွင်ရှိသည့် အထိမ်းအမှတ်အုတ်ဂူ၌ ရေးထိုးထားသည့်ကမ္ဗည်းမှတ်တမ်းကို ဖတ်လိုက် မိသည့်နောက် ယွင်ရှီးရင်ထဲ တင်းကြပ်သွားရ၏။

ဂျူနီယာညီမငယ်က အရွယ်ကောင်းလေးနှင့် ကြွေလွင့်ခဲ့ရရှာသည်။

ဒီလို ငယ်ရွယ်တဲ့ကလေးမလေးက ဘယ်လိုအကြောင်းတွေကြောင့်များ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပစ်ဖို့ ရွေးချယ်ခဲ့ပါလိမ့်..

အတော်အသင့် ရင်းနှီးခဲ့ဖူးသည့် အမှတ်တရအချို့ကို ပြန်လည်အောက်မေ့မိရင်းပင် ရင်တွင်းမှ မချိမဆန့်ဝေဒနာကို သည်းခံရသည်။ ထို့နောက် ခြေလှမ်းအချို့ နောက်ဆုတ်လိုက်ပြီး လှည့်ထွက်လာခဲ့တော့၏။

Yī Shēng Yī Mèng [一生一梦]Où les histoires vivent. Découvrez maintenant