မြူနှင်းတို့မသဲကွဲသော အချိန် တောလမ်းလေးအတိုင်း စံပိုင်နဲ့ခွန် မနှေးမမြန်ခြေလှမ်းတို့ဖြင့် လျှောက်လှမ်းနေသည်။ခွန်က ဓားတစ်လက်ဖြင့် အရှေ့မှဦးဆောင်ကာ တချို့ ချုံနွယ်နေရာတွေကို ရှင်းရင်း စံပိုင်ကိုလည်း ထပ်ကြပ်မကွာစေရန် ရံဖန်ရံခါ လှည့်ကြည့်ဖို့လည်းမမေ့ပေ။ စခန်းနယ်မြေလွန်တာနှင့် မိုင်းများစွာထောင်ထားသော်လည်း သူကိုယ်တိုင် ချထားသော နေရာဖြစ်တာကြောင့် စမ်းတဝါးဝါးမဖြစ်ဘဲ တိကျစွာ ရှောင်ဖယ်လျှောက်လှမ်းနိုင်သည်။
ကောက်ညင်းကျည်တောက်နှင့်အတူ ရေဘူးထည့်ထားသော လွယ်အိတ်ကြိုးကို စံပိုင် ကိုင်ထားရင်း အရှေ့မှ သူ့ကိုလှမ်းကြည့်မိသည်။နက်မှောင်တဲ့ ဆံနွယ်နဲ့ အညိုရောင် အင်္ကျီကြားက သူ့လည်ဂုတ်ဖွေးဖွေးဟာ မြူတွေကြားမှာတောင် ထင်ထင်ရှားရှားတွေ့ရသည်။အကြောင်းမရှိဘဲ စံပိုင် စိုက်ကြည့်နေရာမှ မခွာနိုင်။ထို့နောက် သူ့ကို တမင်တကာငေးကြည့်နေခြင်းမဟုတ်ရန် တစ်စုံတစ်ခုတွေးတောရာမှ မထင်မှတ်ဘဲ ကြည့်မိသလိုမျိုးဖြစ်အောင် ခေါင်းထဲသို့ မနေ့ညကအကြောင်းအရာကို အတင်းပြန်ခေါ်မိသည်။
ခမ်းနဲ့အတူတဲထဲမှာ အိပ်ပေးနေရင်း ရုတ်တရက်ရောက်ချလာသော ခွန်က တခြားလူများနှင့် သက်သက်ဖြစ်စေရန် ထရံကို ကိုယ်တိုင်ကာပေးသည်။သူ့အနောက်မှ မျက်နှာမသာမယာနှင့်ပါလာသော စိုင်းဟတ်က ကောက်ရိုးပေါ်မှ ဖျာတစ်ချပ်ခင်းကာ စောင်တွေကိုအပုံလိုက်ပစ်ချပေးခဲ့ပြီး နှစ်ယောက်အတူပြန်ထွက်သွားသည်။စံပိုင်က သူ့လုပ်ရပ်ကို အံ့ဩနေသော်လည်း ခမ်းကတော့ လူယုတ်မာဟု ခေါ်နေကျ အမည်နာမ်မကို ပြောင်းရမယ်လို့ ရယ်ရယ်မောမော ပြောနေသေးတာ။ ဒီလိုသာဆို အတူပါလာတဲ့ လူတွေက ပိုပြီးတော့တောင်ကြည်တော့မည် မဟုတ်။ အရင်က စံပိုင်တစ်ယောက်တည်းကို ဖယ်ကြဉ်ရာကနေ အခု ခမ်းပါ အစစ်ပါနေပြီ။
ထွက်လာခါနီးခြေထောက်အနာမပျောက်သေးတဲ့ခမ်းကို စိုင်းဟတ်က ကျောပိုးခေါ်သွားတာကို မြင်လိုက်သည်။ဒီအတောအတွင်း ခမ်းက ဘလွိုင်ဆီမှာပဲ နေဖြစ်လောက်သလို တဂျီဂျီလုပ်တတ်တဲ့ ခမ်းနဲ့ အပို့အကြိုတာဝန်ယူပြီး စိတ်မရှည်သော စိုင်းဟတ်တို့ တွေ့ကြပေအုံးတော့မည်။

KAMU SEDANG MEMBACA
တုံးခုလို့လှမ်း
Fantasiအိမ်တော်မှာ မင်းသားတစ်ပါးလိုနေရတဲ့ အနွယ်တော်လေးက နယ်မြေတစ်ခုရဲ့ခေါင်းဆောင်ဆီကို ရောက်ရှိလာတဲ့အခါ ... ငယ်စဉ်ကတည်းက နှစ်သက်မြတ်နိုးခဲ့ရသော ကောင်လေးဖြစ်ကြောင်း သိခဲ့ပေမယ့် ချစ်ရသူနဲ့ နယ်မြေကြားမှာ ရွေးချယ်ဖို့ ခက်ခဲသည့်ဆုံးဖြတ်ချက်တွေ သူ့ထံရောက်ရှိလာသ...