Ep 11

828 84 9
                                    

Unicode...

ဆောင်းဝင်ခါစ လေနုလေးတွေကပြေပြေလေးပေမဲ့ တကယ်အေးလှသည်။ ထို့ကြောင့် အခုတလော အိမ်နေရင်းလည်း အနွေးထည်ပါးပါးလောက်တော့ဝတ်ထားမှရသည့်အချိန်ရောက်နေတာမို့ ယနေ့ ကျွန်တော် ကျောင်းယူနီဖောင်းပေါ်က အနွေးထည်အင်္ကျီလေးထပ်ဝတ်လာခဲ့လိုက်သည်။

အဖြူအင်္ကျီလေးပေါ်က အနွေးထည်လေးက ကျွန်တော်ကြိုက်သော အဖြူရောင်လေးဖြစ်နေသည့်အပြင် တခြားဘာရောင်မှမရောပဲ ဆွတ်ဆွတ်အဖြူထည်လေးပဲမို့ ကျွန်တော် ကြည့်ကောင်းနေမယ်ဆိုတာ ကိုယ့်ကိုကိုယ်သိတယ်။ ကွန်ဖီးဒန့်လယ်ဗယ်စိုးဟိုက်တယ်ပဲပြောပြော ကျွန်တော်က အဖြူထည်လေးနဲ့ သန့်ခန့်နေမယ်ဆိုတာ ယုံကြည်တယ်လေ..ဟီး...။

တစ်ခုပဲ..ကျူရှင်ကနေမှ လာရတာမို့ ကျောင်းရောက်ချိန်က နေထွက်ပြီး ဆောင်းငွေ့လေးတွေပျောက်လုနီးပါးအချိန်မှ ကျောင်းရောက်တာမို့ အာငွေ့လေးတွေထုတ်လို့မရတော့ပေ။ ငယ်ငယ်ကဆိုလျှင် လေကို ပါးစပ်နှင့်စုပ်သွင်းပြီး မိုးပေါ်ခေါင်းမော့ကာ နှုတ်ခမ်းလေးစူပြီး ဖြည်းဖြည်းလေးပြန်မှုတ်ထုတ်လျှင် အာငွေ့လေးတွေပြန်ထွက်သွားတာကို အရမ်းသဘောကျခဲ့သည်မို့ ခဏခဏလုပ်ခဲ့သည်။

ထို့ပြင် သူများတွေတော့မသိ၊ ကျွန်တော်ကတော့ ဒီလို ဆောင်းဦးစဝင်လျှင် ထိုင်းရွှေဖရုံသီးမုန့်လုံးရေပေါ်မုန့်ချိုကို စားရတာ အရမ်းကြိုက်သည်။ ရာသီနှင့်တော့မလိုက်ဖက်ပေမဲ့ ကျွန်တော်ကတော့ ကြိုက်တာမို့ မေကြီးက အားလပ်ရက်တွေဆို မနက်စောစောမှာ ထိုမုန့်လုပ်ကျွေးလေ့ရှိသည်။

ထိုမုန့်မျိုးလုပ်စားမည်ဆိုလျှင် ထိုင်းရိုးရာခြံများမှ သဘာဝရွှေဖရုံသီးအား အစိတ်ကလေးတွေစိတ်ကာ မိနစ် 20 လောက်ပေါင်း၍ ရလာတဲ့အနှစ်ကို ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ သကြား၊ ဆားတွေနဲ့နယ်၊ ပြီးတော့ အဝတ်ပါးပါးနဲ့ 2နာရီလောက် ထပ်နှပ်ထားပြီး ထိုထဲမှ မုန့်သားနည်းနည်းကိုတော့ ညှာတံလုပ်ဖို့သပ်သပ်ဖယ်ကာ အစိမ်းရောင်ဆိုးဆေးထည့်နယ်ထားရလေသည်။

ပြီးမှ မုန့်သားကို ကိုယ်လိုချင်သလောက် အရွယ်အစားပမာဏစီနှင့် ရွှေဖရုံသီးပုံလေးဖော်ကာ ကောက်ညှင်းမှုန့်ဖြူးကာ ခွဲထားရပြီး တဖက်ကလည်း ရေနွေးတည်ထားကာ ရေနွေးဆူလာလျှင် အထက်က ရွှေဖရုံသီးပုံမုန့်လုံးများကို ထည့်ပြုတ်ပြီး ရေပေါ်,ပေါ်လာသည့်အခါ မုန့်ကျက်ပြီးဖြစ်သည်။ ထိုအခါမှ မုန့်လုံးတွေကို ဆယ်ယူကာ ရေအေးထဲစိမ်ထားရသည်က မပါမဖြစ်သော အလုပ်တစ်ခုပင်။

"ထာဝရ...သူ"Where stories live. Discover now