𝐂𝐡𝐚𝐩𝐭𝐞𝐫 (8) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

8.5K 1.1K 38
                                    

⭐unicode⭐

မနက်ခင်း၏ စူးရှရှနေရောင်ခြည်သည် ဖွင့်လှပ်ထားသော ပြတင်းပေါက်မှတဆင့် မျက်နှာပြင်တည့်တည့်ဆီသို့ ဖြာကျနေတော့ မျက်စိကြိမ်းကာ ဆက်အိပ်လို့မရတော့။

တောငှက်လေးတွေ၏ ပီကျစ်ပီကျစ် မြည်သံလေးများကလည်း တိတ်ဆိတ်သော နံနက်ခင်းလေးကို တမျိုးတဖုံ တန်ဆာ​ဆင်သည်။

မျက်ခွံတွေကို မဖွင့်ချင်ဖွင့်ချင်ဖြင့် ပွင့်ဟလိုက်တော့ မြင်လိုက်ရတာက မျက်နှာကျက်မရှိသော ကျောင်းဆောင်လေး၏ သွပ်ခေါင်မိုးလေး။

ခေါင်မိုးကိုကြည့်ရင်းနဲ့မှ မနေ့ညက သရဲခြောက်ခံရတဲ့အဖြစ်အပျက်ကိုပြန်လည်တွေးယောင်မိပြီး ကြက်သီးတွေတဖြန်းဖြန်းထသွားရသည်။

ခေါင်းထဲတွင် ရစ်ဝဲနေသော ကျောချမ်းစဖွယ်အဖြစ်အပျက်ကို မေ့လိုမေ့ငြား ခေါင်းကိုခပ်ကြမ်းကြမ်းခါထုတ်လိုက်သည်။

ထို့နောက် နံဘေးတွင် အသက်ရှူသံ မျှင်မျှင်လေးသာထွက်ပြီးအိပ်ပျော်နေသူကို အကြည့်တွေဝေ့ဝဲမိလိုက်တော့ ညကသူ့ကြောင့် အိပ်ရေးပျက်သွားပုံရသောကောင်လေးသည် အိပ်မောကျနေတာမှ နှစ်နှစ်ခြိုက်ခြိုက်ပဲ။

အမြဲလိုလို တွန့်ချိုးထားတဲ့မျက်ခုံးထူထူအစုံက အိပ်မောကျနေတဲ့အချိန်မှာတော့ အထိန်းအကွပ်တွေကင်းကာ လွတ်လပ်စွာပြေကျနေလို့။

မှိတ်ထားသော လ​​ခြမ်းကွေးလိုမျက်ဝန်းနှစ်ဖက်မှ မျက်တောင်ရှည်ရှည်တွေကလည်း ယပ်တောင်ကလေးလို လှပစွာဖြာကျနေသည်။

ဖြောင့်စင်းတဲ့နှာတံရယ်၊လေးကိုင်းသဏ္ဍာန်လို အဖျားစပ်နားဝယ် ကော့ညွန့်တက်နေတဲ့ နီညိုရောင် နှုတ်ခမ်းနှစ်လွှာရယ်။
အဲ့လို နှုတ်ခမ်းလှလှကလေးတစ်စုံက ဘယ်သောအခါမှ အပြုံးတွေကို မပန်ဆင်တတ်။
ပြုံးလိုက်ရင် ဘယ်လောက်တောင်မှ ကြည့်လို့ကောင်းလိုက်မလဲ။

နှုတ်ခမ်းမွှေးနုနုရေးရေးကလေးနဲ့ ဘေးတိုက်ကြည့်ရင် ပိုပြီးသိသိသာသာ ထင်းနေတတ်တဲ့ ယောကျာ်းဆန်ဆန်မေးရိုးတွေ။

ဒီကောင်လေးက လူချောကလေးမှန်း အနီးကပ်ကြည့်မှ သတိထားမိတော့တယ်။

Someone Ordinary🍁{Completed}Where stories live. Discover now