⭐unicode⭐
"သုခရေ နေ့လည်စာစားကြရအောင်"
အန်တီတင့်အား နေ့လည်စာပြင်ခြင်းအမှုကို ဝင်ကူ
ပေးပြီးသည်နှင့်တပြိုင်နက်ပင် ဧည့်ခန်းထဲက ဆိုဖာပေါ်တွင်ထိုင်ကာ ကြောင်ဝတုတ်လေးနှစ်ကောင်ကိုပေါင်ပေါ်တင်ပြီး ပွတ်သပ်ဆော့မြူနေပါသော ကောင်လေးကို နေ့လည်စာစားဖို့ရာခေါ်လိုက်သည်။အုပ်စိုးကိုလည်းမြင်ရော ကြောင်လေးနှစ်ကောင်ကို ဆိုဖာပေါ်တွင်အသာချကာ ကောင်လေးက ထိုင်နေရာမှ အမြန်ပင် ထလာလေပြီ။
အနားသို့ရောက်သည်နှင့် အုပ်စိုးရဲ့နဖူးပြင်အား ချက်ချင်းမွေးကြူပါသော ကောင်လေး။
ချစ်ရသူရဲ့လက်မောင်းကို အသာချိတ်တွဲလိုက်ပြီး နှစ်ယောက်အတူ ထမင်းစားခန်းလေးဆီသို့ ဦးတည်လို့။
ဖေဖေရောအန်တီရော နှစ်ယောက်စလုံးသည် အလုပ်ကိုယ်စီအသီးသီးမှာမို့ ယခုအချိန်ဆို အိမ်တွင်မရှိကြ။
အန်တီက မြို့ထဲတွင် ချိတ်၊ ပိုးထည် ဆိုင်ကလေးဖွင့်ထားပြီး ၊ဖေဖေကတော့ motelလေးတစ်ခုရဲ့ပိုင်ရှင်ဖြစ်သည်။
အုပ်စိုးနှင့်ကောင်လေး ရန်ကုန်ကိုရောက်သည်မှာ မနေ့ညကပင်ဖြစ်သည်။
ဖေဖေကသုခနှင့်အကျွမ်းတဝင်ရှိပြီးသားဖြစ်၍ အုပ်စိုး ဖေဖေ့ကို စိတ်ပူစရာမလိုပါ။
အန်တီနှင့်အန်တီတင့်ကတော့ ကောင်လေးနှင့်တွေ့ဖူးခြင်းမှာ အခုမှပထမဦးဆုံးအကြိမ်ပေမို့ ၊ကောင်လေး စိမ်းသက်သက်ဖြစ်ကာ အနေခက်မည်ကို အုပ်စိုးတွေးပူခဲ့ရသည်။
သို့သော်ငြား သုခကိုတွေ့တွေ့ချင်းမှာပင် နွေးထွေးဖော်ရွေစွာဆက်ဆံပေးကြသော အန်တီနှစ်ယောက်ကြောင့် ကောင်လေးတစ်ယောက် နေရထိုင်ရတာ ကသိကအောက်မဖြစ်ခဲ့ပါ။
"သုခလေး သွားချင်တဲ့နေရာလေးဘာလေးရှိလား?ကိုကိုလိုက်ပို့ပေးမယ်လေ"
ကောင်လေးသည် အခုမှပင် ရန်ကုန်ကိုရောက်ဖူးခြင်းဖြစ်သည်။
ထို့ကြောင့် ချစ်ရတဲ့ကောင်လေးကို နေရာစုံအောင်လိုက်ပြပေးချင်သော်ငြား၊အုပ်စိုးကိုယ်တိုင်ကိုက အိမ်တွင်းပုန်းဖြစ်ခဲ့သူမို့ ဘယ်ကိုလိုက်ပို့လို့ပို့ရမယ်မသိ။
YOU ARE READING
Someone Ordinary🍁{Completed}
RomanceU are 'Someone Ordinary',yet the most precious person to me💫