𝐅𝐢𝐧𝐚𝐥 𝐂𝐡𝐚𝐩𝐭𝐞𝐫 {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

11.1K 971 53
                                    

⭐unicode⭐

ဒီနေ့ အုပ်စိုးနှင့်သုခတို့ ခြောက်မိုင်ရှိဘုန်းဘုန်းဆီ သွားပြီး ဆေးဝါးအချို့သွားလှူမည်ဖြစ်သည်။

ဤမြို့လေးကို စရောက်ခါစတုန်းက တစ်ခေါက်တည်းသာ ဘုန်းဘုန်းဆီ ရောက်ဖူးသည်မို့ ထိုနေရာကလေးကို မရောက်တာပင် အတော်ကြာနေခဲ့ပြီ။

ဖြောင့်ဖြူးနေသည့် ကတ္တရာလမ်းမကြီးပေါ်တွင် အနက်ရောင် ဆိုင်ကယ်တစ်စီးသည် ခပ်မြန်မြန်ပင် ရွှေ့လျှားနေသည်။

အရှိန်မြန်သောကြောင့် လေပြင်းတွေ ဝေ့ဝဲကာ အုပ်စိုးရဲ့ အသားရောင် တီရှပ်အကျီ မှာ လေနဲ့အတူ တလွင့်လွင့်။

ပထမကတော့ ကောင်လေးရဲ့ ဂျင်းအနွေးထည်အစကိုပဲ ကိုင်ဆွဲရုံလိုက်ပါခဲ့သော်ငြား အခုလို အနောက်လန်ကျလုမတတ် ဝူးကနဲမောင်းနေသည်ကြောင့် တစ်စုံတစ်ယောက်ရဲ့ခါးကို တင်းကျပ်မြဲမြံစွာဖက်တွယ်ထားရတော့သည်။

စီရရီရှိနေသော ထန်းပင်ရှည်ကြီးတွေ တစ်ဖက်တစ်ချက်ဝန်းရံပါသည့် လမ်းမကိုဖြတ်ပြီး သိပ်မကြာခင်ပင်တွေ့ရသည့် မြေနီလမ်းလေးဆီကို တစ်ချက်ကွေ့ကာ လမ်းထိပ်ရှိ ဘုန်းတော်ကြီးကျောင်းဆီဝင်၍ သူတို့ဆိုင်ကယ်ကိုအပ်နှံထားခဲ့ကြသည်။

ထို့နောက် ဘုန်းကြီးကျောင်းလေးဆီမှထွက်ကာ လမ်းသွယ်လေးတစ်ခုဆီကို ကွေ့ဝင်လိုက်တော့ မြင်တွေ့လိုက်ရတာက ကျောက်ခဲကြီးတွေ ဖုထစ်တွေဖြင့်ပြည့်နေပါသော တောင်တက်လမ်းကလေး။

ဟိုအရင်အချိန်တုန်းကအတိုင်းပင် ဒီလမ်းကိုမြင်လိုက်တိုင်း မတက်ရသေးခင်မှာတောင် တစ်ကိုယ်လုံးက အားအင်တွေယုတ်လျော့ခန်းကုန်ချင်နေပြီ။

အပေါ်သို့မတက်သေးဘဲ ကျောက်ရုပ်လို ရပ်နေဆဲ အုပ်စိုးအား ကောင်လေးက လက်တစ်ဖက်ကို အသာဆွဲကိုင်ကာ တက်ဖို့ဟန်တပြင်ပြင်လုပ်နေသည်မို့ ငူငိုင်မနေတော့ဘဲ ကောင်လေးလက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ကြမ်းတမ်းသော လမ်းလေးဆီသို့ ခြေလှမ်းတွေကို စတင်လိုက်သည်။

အရင်က တစ်စုံတစ်ယောက်ရဲ့အကူအညီမပါဘဲ တက်ခဲ့ရသည်နှင့်ယှဥ်ရင် ယခုလို ချစ်ရသူလေးက နံဘေးမှာ အမှီပြုထားပေးသည်က အများကြီးသက်တောင့်သက်သာဖြစ်စေသည်။

Someone Ordinary🍁{Completed}Where stories live. Discover now