𝐂𝐡𝐚𝐩𝐭𝐞𝐫 (3) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

12.7K 1.4K 45
                                    

⭐unicode⭐

"လွှတ်..လွှတ်ပေး..ပေးပါ"

စိုးရိမ်ကြောင့်ကြမှုကြောင့် နှုတ်ခမ်းဖျားမှ ထွက်လာသည့် စကားလုံးတွေကပါအထစ်အထစ်အငေါ့ငေါ့။
ထိုသို့ဖြစ်သည့်တိုင် ဟိုလူသည် အုပ်စိုးပိုင်၏လက်အားမလွှတ်ပေးသေး။
မည်သည့်စကားမှလည်းမဆိုဘဲ မျက်ခုံးတွေကိုတွန့်ချိုးကာ သူ့အားစူးရဲစွာကြည့်နေဆဲ။
ထိုလူရမ်းကားကောင်အား သူကြောက်ရွံ့ပြနေ၍မဖြစ်တော့။
လူ့သဘာဝကိုက ကြောက်ပြနေရင်ပို၍ဖြဲခြောက်ပြသည့်သဘောရှိသည်မဟုတ်လား။

သွေးပူနေတုန်းက တုန်လှုပ်နေမိသော်လည်းသေချာ ပြန်စဥ်းစားကြည့်မိတော့မှ နေ့လည်နေ့ခင်းကြီးမှာ မိမိကို ထိုလူရမ်းကားကောင် အန္တရာယ်ပြုဖို့မလွယ်ကူမှန်းသဘောပေါက်လာရသည်။

ရင်ခေါင်းတွင်းမှ လေပူတွေကိုစိတ်ပေါ့ပါးသွားစေရန်အလို့ငှာ တစ်ချက်မှုတ်ထုတ်လိုက်ပြီး ရှိရှိသမျှသတ္တိတွေအကုန်စု၍ ထိုသူအား အုပ်စိုးပိုင်စူးရဲလှသည့်အကြည့်တွေ တန်ပြန်ပို့လွှတ်ပေးလိုက်သည်။

"လွှတ်ပေးလို့ပြောနေတယ်မဟုတ်လား!!"

အသံကျယ်ကြီးဖြင့် အော်လိုက်သည့်တိုင် ထိုသူကပန်းနှင့်ပေါက်ခံရသည့်နှယ် မှင်သေသေမျက်နှာပေးဖြင့်သာရှိနေဆဲ။
သူ့လက်ကောက်ဝတ်ကိုလည်း လွှတ်ပေးဖို့စိတ်ကူးရှိမည့်ပုံမပေါ်။
လူရမ်းကားကောင်၏လက်ထဲမှ မိမိလက်ကိုတစ်ချက်ဆောင့်ဆွဲကြည့်တော့ မလွှတ်ပေးသည့်အပြင် ပြန်လည်ဆောင့်ဆွဲခြင်းကိုပါခံလိုက်ရ၏။
အသားဖြူဖြူဖွေးဖွေး၊ သေးသေးကွေးကွေးကောင်လေးတစ်ယောက်နှင့် လူ​ကောင်ခပ်ကြီးကြီး၊အသားညိုညိုကောင်လေးတစ်ယောက်တို့သည် အိမ်တစ်အိမ်၏ခြံအပြင်ဘက်တွင် ဆွဲလားရမ်းလားဖြစ်နေကြလေသည်။

"သုခ ဘာတွေဖြစ်နေကြတာလဲ!? "

အုပ်စိုးပိုင် လူရမ်းကားကောင်နှင့် ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် အိမ်အောက်ထပ်သို့ဘယ်အချိန်ကမှန်းမသိ ဆင်းလာသောငြိမ်းစံ၊နှင်းနုနှင့်မောင်ခန့်။

ငြိမ်းစံကခြံတံခါးကိုတွန်းဖွင့်ပြီး အပြင်ဘက်သို့ မပြေးရုံတမယ်ပင် ထွက်လာကာ သူ့လက်ကောက်ဝတ် ကိုဖမ်းဆုပ်ထားသော လူရမ်းကားကောင်၏လက်ကို ပြာတီးပြာယာ ဆွဲဖြုတ်သည်။

Someone Ordinary🍁{Completed}Where stories live. Discover now