⭐unicode⭐
ပူပင်မှုတွေကင်းဝေးကာ စိတ်ချမ်းသာနေရင် အချိန်တွေဟာ ကုန်တာမြန်လွန်းသည်ဆိုသည့်အတိုင်း နှစ်ပတ်ဆိုသည့်ကာလကား မျက်တောင်တစ်ခတ်စာလေးအတွင်းမှာပင် ကွယ်ပျောက်သွားလေပြီ။
ဘွားဘွားကြီးနှင့်ငြိမ်းစံတို့လည်း ရွာမှပြန်လာကြပြီ။
ပြန်ရောက်ရောက်ချင်း နေ့လည်မှာပင် ဘွားဘွားကြီးက အုပ်စိုးနှင့်သုခကို သူမအခန်းထဲကို ပြောစရာရှိသည်ဟုဆိုကာ ခေါ်သည်။
ငြိမ်းစံကတော့ သူတို့နှစ်ယောက်အား ခေါင်းအသာညိတ်ပြကာ ဝင်သွားဖို့ရာ အချက်ပြသည်။
အခန်းတွင်းသို့ရောက်တော့ ဘွားဘွားကြီးက ခပ်တည်တည်နှင့်ပင် သူတို့နှစ်ယောက် အချင်းချင်း မေတ္တာသက်ဝင်နေကြတဲ့အကြောင်းသိတယ်ဟုဆိုလာသည်။
ကြားလျှင်ကြားချင်းမှာ အုပ်စိုးတစ်ယောက် ထိတ်ထိတ်ပြာပြာနှင့် ကြောက်လန့်တကြားပင်။
ထိုအချိန်တွင် နံဘေးမှကောင်လေးက ရေခဲရိုက်ထားသည့်နှယ် အေးစက်နေသောသူ့ရဲ့လက်ဖဝါးတစ်ဖက်ကို
အသာထွေးဆုပ်ပေးလာသည်မို့ ပူပင်မှုတွေလွင့်ပါးပြယ်ပျောက်သွားကာ ကောင်လေးသာနံဘေးမှာရှိရင်မည်သည့်အရာကိုမဆို ရင်ဆိုင်ဖို့ခွန်အားတွေရလာသည်အထိ။ထိုအချိန်တွင် ဘွားဘွားကြီးပြောလိုက်တဲ့စကားတစ်ခွန်း..
"ပိုင်ပိုင်နဲ့သုခ နှစ်ယောက်စလုံးက လိမ်မာတဲ့ကလေးတွေမို့ ဘွားဘွားကြီး သိပ်ကိုယုံကြည်မှုထားထားတယ်။ နှစ်ယောက်စလုံး တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ မေတ္တာကြိုးလေးက လေးနက်ပြီး ခိုင်မြဲတယ်လို့လည်းမြင်မိတာမို့ လက်ခံပေးဖို့ဆုံးဖြတ်ခဲ့တာ။ဒါကြောင့် ဘွားဘွားကြီးရဲ့ ယုံကြည်မှုကိုတော့အလွဲသုံးစားမလုပ်မိစေနဲ့။မေတ္တာနဲ့ချည်နှောင်ထားတဲ့ကြိုးလေးကို ဘယ်လိုအကြောင်းမျိုးနဲ့မှ မပြတ်တောက်စေနဲ့။နားလည်လား?"
ခပ်တည်တည်အမူအရာနှင့်ပင် ပြတ်ပြတ်သားသားထွက်ပေါ်လာသော စကားလုံးတွေအောက်မှာ
ဘွားဘွားကြီးရဲ့မေးခွန်းလွှာကိုဖြေကြားဖို့ရာအတွက် အုပ်စိုးမှာအားအင်တောင်မရှိတော့သည်အထိ။
YOU ARE READING
Someone Ordinary🍁{Completed}
RomanceU are 'Someone Ordinary',yet the most precious person to me💫