Unicode>>>>>
ရှင်းဆိုင်ရှေ့ပြန်ထွက်လာကာ လုပ်စရာရှိတာတွေပြန်လုပ်နေလိုက်သည်။တစ်ချက်တစ်ချက် မမရိပ်ကိုလည်း ငေးကြည့်နေမိပြန်သည်။လူကြီးဆန်ဆန်လေးနဲ့ သိပ်ကိုလှတဲ့အမျိုးသမီးလေး။ရှင်းကိုဘယ်လောက်အထိချစ်လဲဆိုတာတော့ မပြောလဲ ရှင်းသိပါသည်။ညနေဘက်ရောက်တော့ မမရိပ်ကိုနှုတ်ဆက်ပြီး ရှင်းကော်ဖီဆိုင်ကနေပြန်လာခဲ့လိုက်သည်။ညဘက်barကိုဆက်သွားရဦးမည်မလား။အိမ်ပြန်ရောက်တာနဲ့ ထမင်းစားလိုက်ပြီး ရေချိုးနေလိုက်သည်။ရှင်းအဝတ်အစားဝတ်ပြီးတာနဲ့ အောက်ထပ်ကိုဆင်းလာခဲ့လိုက်ကာ "မေမေ့ ရှင်း ဟိုအိမ်မှာပဲညအိပ်မှာနော် ဒီညနောက်ကျမှာမလို့" မေမေ့ကိုမှာပြီးတာနဲ့ barကိုထွက်လာခဲ့လိုက်တော့သည်။ရှင်း မမရိပ်ကိုမလာဖို့ပြောထားတာမို့ မမရိပ်ရောက်မလာခဲ့တာကြောင့်စိတ်သန့်သန့်နဲ့အလုပ်ကောင်းကောင်းလုပ်နိုင်သည်လေ။သူရှိနေရင် သူ့ကိုလှမ်းလှမ်းကြည့်ပေးနေရသေးသည်ကိုး။ရှင်း ညဆယ်နာရီလောက်အထိ နေရမှာမို့ ဖေဖေ့အိမ်မှာပဲ ပြန်အိပ်ဖို့တွေးထားခြင်းဖြစ်သည်။
ကိုးနာရီတောင်ထိုးနေပြီ။ဟိုလူကြီး ပြန်မလာသေးဘူးလား။ဒါဒါ သိချင်စိတ်တွေနဲ့အတူ ဧည့်ခန်းထဲမှာ ဟိုလျှောက်ဒီလျှောက်လုပ်နေလိုက်သည်။"ဒါဒါ မအိပ်သေးဘူးလား" ဖေဖေကလှမ်းမေးတော့ "ဟိုလူပြန်မလာသေးဘူးလား" ပြန်မေးလိုက်သည်။ "ဒီညပြန်လာမှာမဟုတ်ဘူးသမီးရဲ့ ရှင်းကညနက်မှာမလို့ဆိုပြီး အရင်အိမ်မှာပဲအိပ်မယ်ပြောသွားတယ်" ဖေဖေ့စကားကြားတာနဲ့ "လိပ်စာပြော" လိပ်စာအတင်းမေးကာ ကားမောင်းပြီးထွက်လာခဲ့သည်။ရှင်းတာဝန်ချိန်ပြီးတာနဲ့ ဆိုင်ကယ်ထုတ်ပြီး ပြန်ဖို့ပြင်လိုက်သည်။"ရှင်း" မမရိပ်အသံကြားတော့လှည့်ကြည့်မိလိုက်သည်။ရှင်း မမရိပ်ကားနားသွားလိုက်ကာ "ရှင်းစကားနားမထောင်ဘူးပဲမမက" လို့ပြောလိုက်တော့ "ရှင်းကိုလာတွေ့ရုံတင်ပါ"တဲ့လေ။"တစ်နေကုန်တွေ့နေရတာကို မဝသေးဘူးလား" ရှင်းစလိုက်တော့ "အမြဲတမ်းတွေ့ချင်တာ" ပြန်ပြောသည်မို့ ရှင်းရှက်ပြုံးလေးပြုံးနေမိသည်။"မမရိပ်က စကားတတ်သားပဲ" ရှင်းပြန်ပြောတော့ ရယ်နေကာ ရှင်းအတွက်ဆိုပြီး မုန့်တွေပေးကာ ပြန်သွားတော့သည်။