Unicode>>>>>
ရှင်း အဲ့ဒီကောင်လေးနဲ့အတူ ဒါဒါ့ကိုမြင်လိုက်ရတော့ တော်တော်ကိုစိတ်တိုသွားသည်။ဒီကောင်လေးဆိုတာက barကိုတစ်ခါလာတိုင်း ကောင်မလေးတစ်ယောက်ပြောင်းတွဲတတ်တဲ့လူမျိုးမလား။"ရှင်း အဲ့ဒါလေးစပ်ပြီးရင် မမကိုကားနားလိုက်ပို့ပေးဦးနော်" ရှင်းအချိန်ပိုင်းလုပ်နေတဲ့ ကော်ဖီဆိုင်ပိုင်ရှင်မမရိပ်ကပြောလာတာနဲ့ "အေးဟုတ်တယ်ရှင်း မင်းအဲ့ဒါစပ်ပြီးတာနဲ့ မမရိပ်ကိုလိုက်ပို့ရင်း တစ်ခါတည်းပြန်လိုက်တော့ ကိုချိုလည်းရောက်ပြီဆိုတော့ မင်းပြန်လို့ရပြီပဲ" ရှင်းသူငယ်ချင်း သက်ထက်ရကဝင်ပြောပေးတော့ ရှင်းခေါင်းငြိမ့်ပြလိုက်ပြီး ပြီးအောင်စပ်လိုက်ကာ ဟိုကောင်လေးနဲ့ ဒါဒါတို့နှစ်ယောက်ရှေ့ ချပေးလိုက်သည်။barက သက်ထက်ရရဲ့ဦးလေးပိုင်သည်လေ။ရှင်းနဲ့သက်ထက်ရကိုတော့ သူကိုယ်တိုင်အလုပ်ပေးထားသည်မို့ အဆင်ပြေသည်။ရှင်း အဝတ်အစားလဲပြီးတာနဲ့ "မမရိပ် သွားရအောင်" ရှင်း မမရိပ်ကိုတွဲထူလိုက်ကာ သူ့ကားနားကိုလိုက်ပို့လိုက်သည်။သူ့ကားဆရာကအဆင်သင့်စောင့်နေသည်မို့ ကားနောက်ခုံမှာ မမရိပ်ကိုကူချပေးလိုက်တော့ "ရှင်း" ဆိုပြီး ရှင်းနှုတ်ခမ်းကိုလာနမ်းနေသည်။ရုတ်တရက်ဆိုတော့ ရှင်းကြောင်ပြီးငြိမ်နေလိုက်မိသည်။ပြန်သတိဝင်လာတာနဲ့ "မမရိပ်" ရှင်း မမရိပ်ပုခုံးကိုတွန်းပြီး ကားတံခါးကိုပိတ်ပေးဖို့လုပ်တော့ "kissအတွက်လစာထဲမှာbonusပိုထည့်ထားပေးမယ်သိလား "ဆိုပြီး ရှင်းရှေ့ကနေထွက်သွားတော့သည်။
ရှင်းရဲ့ပထမအနမ်းလေးကို မမရိပ်ကခိုးသွားတာပဲ။ရှင်းအတွက်ဘာလို့ဒီလောက်တောင်စိတ်အဆင်မပြေရမှုတွေများနေရတာလဲ။မမရိပ်ကချမ်းသာတယ်။အလှတွေကအရိုင်းဆန်တယ်။အသက်၂၅ လောက်နဲ့လုပ်ငန်းကြီးတွေကိုဦးဆောင်လုပ်နေတဲ့သူတစ်ယောက်။ရှင်းအတွက်နဲ့ barကို တစ်ယောက်တည်း လာနေတတ်တာလည်းသိပေမဲ့ ရှင်းနှလုံးသားက တစ်စုံတစ်ယောက်ကိုချစ်ပစ်လိုက်ဖို့ မရဲသေးဘူး။မမရိပ် barကိုလာတိုင်း counterနားပဲအမြဲထိုင်လေ့ရှိတာမို့ ရှင်းစိတ်အေးရသေးသည်။မမရိပ်ရဲ့အလှက ပုရိသတွေကိုဆွဲဆောင်နေတာမို့ ရှင်းစိတ်မချကလည်းဖြစ်ရသေးသည်။မမရိပ်ရောက်လာတိုင်း ရှင်းအလုပ်ကိုဖြောင့်ဖြောင့်မလုပ်နိုင်ပဲ သူ့ကိုပဲဂရုစိုက်ကြည့်နေပေးဖြစ်သည်။
"တစ်ယောက်တည်းလာလာနေတာ မကြောက်မရွံ့နဲ့" ရှင်း မမရိပ်ကိုပြောလိုက်တိုင်း "တို့ကိုစိတ်မချနေတာလား" ဆိုပြီးပြန်ပြောကာ ပြုံးနေတတ်သည်။ရှင်း ကားတံခါးပိတ်ပေးပြီး နောက်ပြန်လှည့်လိုက်တော့ ဒါဒါ။ဒါဒါအကုန်မြင်သွားပြီလား။ရှင်းကိုဒေါသတကြီးနဲ့စိုက်ကြည့်နေသည်မို့ ရှင်းအကြည့်လွှဲလိုက်ကာ ဆိုင်ကယ်ထုတ်ဖို့ပြင်နေလိုက်သည်။"ရုပ်လေး သနားကမားနဲ့ စရိုက်ကတော့ အမေလို ပိုင်းလုံးပဲနော်" ရှင်းနဲ့မမရိပ်နမ်းနေတာကိုမြင်လို့ပြောတာဖြစ်ရမည်။ရှင်းဆိုင်ကယ်မောင်းဖို့ပြင်လိုက်တော့ "အမြဲအဲ့လိုပဲချူစားနေကြလား" ရှင်းမာနကိုထိရုံတင်မကဘူး မေမေ့ကိုပါဆွဲထည့်နေသည်မို့ ဆိုင်ကယ်ရပ်လိုက်ကာ "မင်းကဘာမလို့ ငါတို့ကိုလာဝေဖန်နေရတာလဲ ငါ့မာနကိုမင်းကြိုက်သလောက်ရိုက်ချိုး ရတယ် ငါ့မေမေကိုမထိနဲ့ နောက်တစ်ခါ မေမေ့ကိုစော်ကားတဲ့စကားတွေပြောရင် ငါ့အဆိုးမဆိုနဲ့" !တောက်! ရှင်းဒေါသတော်တော်ထွက်နေသည်မို့ သူ့ပုခုံးကိုဆောင့်တွန်းကာပြောလိုက်ခြင်းဖြစ်သည်။ရှင်းဒေါသထွက်လွန်းလို့ မျက်ရည်တွေတောင်ကျလာသည်။မျက်လုံးစုံမှိတ်လိုက်ပြီး ဒေါသကိုပြန်ထိန်းလိုက်ကာ ဆိုင်ကယ်မောင်းထွက်ခဲ့လိုက်တော့သည်။