Unicode>>>>>
ရှင်းသူသွားချင်တဲ့နေရာလိုက်ပို့ပြီး သူ မသိအောင်ဓာတ်ပုံခိုးရိုက်လိုက်ကာ မေမေ့ဆီပို့ထားရင်း ဒါ ဦးဝင့်မာန်ဦးရဲ့သမီးလားလို့မေးထားလိုက်သည်။ မေမေ့ဆီကပြန်စာရပြီးတဲ့နောက် ရှင်းစိတ်ဓာတ်တော်တော်ကျသွားသည်။ဒီကောင်မလေး ရှင်းတို့ကိုဘယ်လောက်အထိ မလိုချင်နေလဲ ရှင်းသိနေသည်လေ။မေမေကတော့ ဂရုစိုက်ပြန်ခေါ်ခဲ့ဖို့သေချာမှာနေသည်။"ဒါဒါ တစ်ခုခုသွားစားရအောင် ဗိုက်မဆာဘူးလား" ရှင်းမေးလိုက်တော့ ဗိုက်လေးပွတ်ကာ ရယ်ပြလာသည်မို့ ဆိုင်တစ်ဆိုင်မှာ မုန့်သွားစားလိုက်ကြသည်။ "ဒါဒါ စားပြီးရင် အိမ်ပြန်ကြရအောင်နော် ကိုကိုလိုက်ပို့ပေးမယ်" ရှင်းပြောလိုက်တော့ "ဒါဒါမပြန်ချင်သေးဘူး ကိုကိုပြန်ချင်လို့လား" ဒါဒါပြန်မေးလိုက်သည်။ "ကိုကိုကပိုတောင်မပြန်ချင်သေး ဒါဒါအိမ်ကနေထွက်လာတာကြာပြီလေ လူကြီးတွေစိတ်ပူနေမှာပေါ့" ကိုကိုက ဒါဒါ့ခေါင်းလေးကိုပုတ်ပေးကာ လူကြီးလေးလို ဆုံးမနေတော့ ဒါဒါအိမ်ပြန်ဖို့ခေါင်းငြိမ့်ပြလိုက်သည်။"လာ တက် အိမ်ရောက်ရင်လည်း လိမ္မာမယ်မလား ဒါဒါက လိမ္မာရဲ့သားနဲ့ မဆိုးချင်ပါနဲ့" ရှင်းပြောလိုက်တာနဲ့ "ကိုကိုလည်း ဒါဒါ့ကိုပဲအပြစ်မြင်တာလား" ဆိုပြီး စိတ်ထကောက်နေသည်မို့ "ကိုကိုအပြစ်မမြင်ပါဘူးဒါဒါရဲ့ ဒါဒါလိမ္မာရင် ဒါဒါ့ဘေးမှာကိုကိုအမြဲတမ်းရှိပေးမှာ" ရှင်းချော့ပြောလိုက်တော့ ကလေးငယ်လေးတစ်ယောက်လိုပြုံးလာပြီး သဘောကျနေတော့သည်။
ဒါဒါတို့အိမ်ရှေ့ရောက်တော့ ဖေဖေနဲ့သူ့နောက်မိန်းမက ခြံထဲကနေ ထိုင်စောင့်နေကြသည်မို့ ဒါဒါ ကိုကို့ကိုနှုတ်ဆက်ပြီးတာနဲ့ အိမ်ထဲတန်းဝင်ဖို့ပြင်လိုက်သည်။ "လာလေ ရှင်း မင်းညီမလေးကအဲလိုပဲ တစ်ခါတစ်လေဆိုးတတ်တယ် နောက်လည်းသည်းခံပေးပါကွာ" ဖေဖေ့စကားကြားတာနဲ့ ဒါဒါနောက်လှည့်ကြည့်လိုက်တော့ ဖေဖေက ကိုကို့ပုခုံးကိုပုတ်ပေးနေပြီး ဟိုအမျိုးသမီးက ကိုကို့လက်တွေကိုဆုပ်ကိုင်ထားသည်။ "ဒါဆို ကိုကိုက ကိုကိုကဒါဒါနဲ့..." ဒါဒါဖြေမဆည်နိုင်တော့။ အခန်းထဲကိုငိုပြီး ပြေးဝင်သွားလိုက်တော့သည်။ "ဖေဖေနဲ့မေမေ ခဏနေခဲ့ဦးနော် ဒါဒါ့နောက်ကို ရှင်းပဲလိုက်သွားမယ် နောက်က မလိုက်လာကြပါနဲ့နော်" ဒါဒါငိုပြီးအိမ်ထဲပြေးဝင်သွားတာကို ရှင်းမြင်လိုက်တာနဲ့ မေမေတို့ကိုထားခဲ့ပြီး နောက်ကပြေးလိုက်သွားလိုက်သည်။ "ဒါဒါ ကိုကိုပြောစရာရှိလို့ တံခါးလေးဖွင့်ပါဦး ဒါဒါလို့ ဒါဒါ" ရှင်းတံခါးဆက်တိုက်ခေါက်နေပေမဲ့ အခန်းထဲကနေဘာသံမှပြန်မထူးသည်မို့ "ဒါဒါ ကိုကိုစိတ်ပူလာပြီနော် ကိုကိုတံခါးဖျက်ပြီးဝင်လာမှာနော် ဒါဒါလို့" ရှင်းဒေါသသံနဲ့ပြောလိုက်တော့ တံခါးပွင့်လာတာနဲ့ ရှင်းပြုံးပြလိုက်တော့ !ဖြောင်း!။