Crocodile Tears ( Part - 15)

650 70 9
                                    

Crocodile Tears ( Part - 15)

မနက်ခင်း နေအလင်း​ရောင်က တိမ်စိုင်ကြားမှ ရွှေဝါရောင် အလင်းတန်းများအဖြစ် ဖြာကျနေသည်။ ထိုရွှေဝါရောင် အလင်းတန်းများကြောင့် ရစ်စိုင်းနေသည့် မြူနှင်းများသည် အခိုးအငွေ့သဏ္ဍန်ဖြင့် တစတစ လွင့်ပြယ်လာသည်။ တချို့နေရာများတွင်မူ မြူနှင်းဖြူ ​မှုန်မှိုင်းမှိုင်းနှင့် ရစ်စိုင်းနေသေးသောကြောင့် ဟိုတစ်ကွက် ဒီတစ်ကွက် ဆေးဖြူရေးရေး ခြယ်ထားသည့်နှယ် မြင်တွေ့နေရသည်။

ထို့ပြင် တောင်စောင်းတလျှောက် ကျောက်တိုင်များကပ်၍ စိုက်ပျိုးထားသော နဂါးမောက်ပင်များပေါ်၊ အဝါရောင် မုန်ညှင်းပန်းတို့ ထက်တွင် ဝေ့သီစိုမြနေသော နှင်းရည်စက်များက စိန်ပွင့်လေးများ စီတန်းထားသည့်နှယ်။

ဝေ့စိုင်းနေသော မြူနှင်းများနှင့် နှင်းပွင့်စက်များ တွဲခိုနေသည့် နေရောင်အောက်မှ အလှတရားများနှင့် မနက်ခင်းသည် ဇဝန၏ စိတ်ကို များစွာ ကြည်လင်လာစေ၏။

သူ့လက်ထဲတွင် ကော်ဖီခွက်တစ်ခွက်ကို ကိုင်ဆောင်ရင်း ဘောင်းဘီအိတ်ထဲ အခြားလက်တစ်ဖက်ကို ထည့်ထားကာ ေကာင်လေးအလုပ်လုပ်နေသည့်နားတွင် ရပ်နေခဲ့လေသည်။

"အေးတယ် ဆရာရဲ့ အိမ်ထဲမှာ နွေးနွေးထွေးထွေး နေပါလားဗျာ ကျွန်တော် မီးလင်းဖိုထဲ ထင်းထပ်ဖြည့် ပေးထားမယ်လေ ”

"ရတယ်...”

ဇဝန လက်ထဲတွင် ကိုင်ထားသော ကော်ဖီခွက်ထဲမှ ကော်ဖီတစ်ငုံ သောက်ကာ ကောင်လေးကို ကြည့်လိုက်သည်။ ကောင်လေးက အနက်ရောင်လည်ရှည်ဖိနပ်ကြီးကိုစီးကာ နို့နှစ်ရောင် နဂါးမောက်ပွင့်နွမ်းများကို ဖယ်ထုတ်နေသည်ကို တွေ့ရလေသည်။

ပန်းဆိုသည်မှာ အချိန်တန်သည်နှင့် သူ့သဘာဝအတိုင်း အပွင့်တွေက နွမ်းကြွေကျသွားသည့် အမျိုး ဖြစ်သည်မဟုတ်လား။ ထိုသို့သဘာဝအတိုင်း ကြွေကျခွင့်မပေးဘဲ အဘယ်ကြောင့် ဖယ်ရှားပြစ်နေသနည်း။ ဇဝနက သူ၏ သိချင်စိတ်ကို မျက်ခုံးပေါ် နေရာရွေ့လိုက်သည် ထင်၏။ နဖူးကြောများရှုံ၍ အလိုလို မျက်မှောင်ကုပ်လျက်သားနှင့်။

Crocodile Tears (Complete)Where stories live. Discover now