နွေဦးရဲ့နေ့လည်ခင်းက လေပြေလေးခပ်ဝှေ့ဝှေ့က တိုးတိုက်ကျီစယ်နေပြန်တာကြောင့် သာသာယာယာရှိလှသည်။
Wonwoo တစ်ယောက် Site တွေဘက်ကို လှည့်ပတ်စစ်ဆေးဖို့ ရှိနေတာကြောင့် နွေဦးရဲ့ သာယာလှပမှုကို ခံစားမနေနိုင်ခဲ့ချေ.."ဆရာ ကားအဆင်သင့်ဖြစ်ပါပြီ။ "
လက်ထောက်ဖြစ်သူက လာရောက်အသိပေးသောကြောင့် လိုအပ်သည့်စာရွက်စာတမ်းများကို ယူဆောင်ကာ အောက်ထပ်ကိုသာဆင်းလာခဲ့သည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စစ်ဆေးမှာဖြစ်သောကြောင့် Suit အပြည့်အစုံနှင့်မဟုတ်ပဲ အဖြူရောင် Tshirt ကို အနက်ရောင် style pant နှင့်ရိုးရှင်းစွာ တွဲဖက်ဝတ်ဆင်ထားသော်လည်း နဂိုချောမောမှုကပျောက် မသွားခဲ့..
ကားရှိရာကိုလာတဲ့ လမ်းတစ်လျှောက် အမျိုးသမီးဝန်ထမ်းငယ်လေးများရဲ့ အကြည့်တွေက Wonwoo စီကိုသာကျရောက်နေသည်။"ငါတို့ သူဌေးကလေ တကယ်ကို အမြဲတမ်း smart ကျနေတာပဲနော် "
"ဟုတ်ပဟယ် ဘယ်လိုကံကောင်းတဲ့ မိန်းကလေးကများ သူဌေးလို လူရဲ့ လက်ကိုတွဲနိုင်မလဲ မသိဘူးနော် "
"သေချာတာကတော့ ငါတို့ မဟုတ်ပါဘူးဟယ်။ ဘဝက ရုပ်ရှင်မဆန်ဘူး ငါတို့ကလဲ နတ်သမီးလိုချောလှနေတဲ့ ဝန်ထမ်းလေးတွေမဟုတ်ခဲ့ဘူး။"
ထိုသို့သော တီးတိုးစကားများက Wonwoo မကြားရပေမဲ့ သူဖြတ်သွားနောက်မှာရှိနေတတ်စမြဲပါ...
"ဆရာ Site က မြို့ပြင်ဘက်မှာ နည်းနည်းတော့လှမ်းတယ်ဆရာ။ အိမ်ရာစီမံကိန်းအသစ်ဆိုတော့ လူနေအိမ်နည်းပြီး ကျွန်တော်တို့ ဆောက်လက်စ အဆောက်အဦးတွေပဲ ရှိတာကြောင့် မြို့ထဲကထွက်ရင်တော့ လမ်းမကြပ်တော့ဘူး ဆရာ "
Driver ရဲ့ဘေးမှာ ထိုင်နေတဲ့ လက်ထောက်ဖြစ်သူက Wonwoo ကိုပြောပြနေခြင်းဖြစ်သည်။
"ဟုတ်ပြီ ! Dragon Hospital နဲ့ ပတ်သတ်ပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေ ကို ပြင်ဆင်ခိုင်းပြီးပြီလား"
"ဟုတ်ကဲ့ Account ဘက်က မြေနေရာကိုတွက်ချက်ပြီး Foundation ချမဲ့ အနေအထားနဲ့ ကနဦး ကုန်ကျစားရိတ်စားရင်း ညနေမှာ အပြီးသတ်မှာပါ "