눈물 - Tears

581 85 1
                                    

တိတ်ဆိတ်နေတဲ့ အခန်းကျဉ်းထဲ ညမီးရောင် မှိန်ပျပျလေးကသာ ကြီးစိုးလို့။

အပြင်က နှင်းစက်ကျသံ တစ်ဖျောက်ဖျောက်ကလွဲလို့ ဒီအခန်းငယ်ထဲမှာ အိပ်ချင်ယောင်ဆောင်နေတဲ့ ကျွန်တော်ကလွဲပြီး အေးစက်စက်လေထုသာရှိသည်။

အပူပေးစက်ဖွင့်ထားတာကြောင့် ဒီအေးစက်တဲ့လေထုဒဏ်ကို ဖုံးလွှမ်းနိုင်ပေမယ့် တစ်ယောက်သောသူကတော့ ကျွန်တော့်ကို ထားခဲ့ပြီး အခုထိ ပြန်ဝင်မလာသေး။

ခဏကြာမှသာ အခန်းထဲ ပြန်ဝင်လာပြီး ရေချိုးခန်းထဲ ဝင်သွားသည်။ ရောက်ရောက်ချင်း ကျွန်တော်စားဖို့ မီးဖိုခန်းထဲ ဝင်ပြီးများ တစ်ခုခုလုပ်နေလေသလားမသိ။ အင်္ကျီလက်ရှည်ကို ခေါက်တင်ထားလျက် ရေချိုးခန်းထဲ အလျင်စလို ဝင်သွားသည်။

ရေကျသံတွေကြားပြီးနောက်မှာတော့ အချိန်ဟာလည်း အတန်အသင့်ကုန်လွန်ပြီဖြစ်တဲ့အတွက် ရေချိုးခန်းထဲမှ တဘက်တစ်ထည်နှင့် ထွက်လာတော့သည်။

ရင်ဘတ်တစ်လျှောက် ရေများစိုစွတ်လျက် ဆံပင်ရှည်များဟာလည်း ရေစိုလို့ ဦးရေကို ကပ်နေပြီး ယခင်ထက်တောင် ပိုရှည်နေသလိုပင်။

ပုခုံးပေါ်တွဲလွဲကျနေတဲ့ တဘက်စကိုယူပြီး စိုစွတ်နေတဲ့ ဆံနွယ်ရှည်များကို ဖြည်းညင်းစွာ သုတ်နေတဲ့ သူ​​က ကျွန်တော် ခိုးကြည့်နေတာကို ရိပ်မိပုံမရ။

မှိတ်ထားသောမျက်ခွံလေးကို အနည်းငယ်လေး လစ်ဟပြီး သူ့ရဲ့ အပြုအမူတိုင်းကို ခိုးကြည့်နေရာက ကုတင်ဘေးရှိ စားပွဲနားဆီ လျှောက်လာနေတာ​ကို တွေ့လိုက်ရသည်။

ပထမဆုံး သူနဲ့ လမ်းဘေးဆိုင်လေးမှာ အရက်သောက်ကြပြီး သူ့ကို ဆေးခတ်မိလို့ အိမ်ပြန်ခေါ်လာတုန်းက သူ့အိပ်ခန်းကို တစ်ခါရောက်ဖူးပြီး ဖြစ်တဲ့အတွက် အိပ်ခန်းထဲရှိ ပစ္စည်းပစ္စယာများကို ရင်းနှီးနေပေမယ့် စားပွဲပေါ်က ဘယ်အရာကို သူကြည့်နေလဲဆိုတာတော့ ကျွန်တော် စဉ်းစားမရ။

ခဏကြာတော့ သူ့ခြေလှမ်းတွေ ရပ်တန့်သွားပြီး စားပွဲပေါ်က တစ်စုံတစ်ရာကို မျက်တောင်မခတ်တမ်း ကြည့်လျက်ရှိနေသည်။

Love is PainfulWhere stories live. Discover now