တိမ်ထူသော ညတစ်ညဖြစ်၍ ကောင်းကင်မှာ မည်သည့်အလင်းတန်းမှရှိမနေပဲ လောကကြီးတစ်ခုလုံး တိတ်ဆိတ်ခြောက်ခြားဖွယ်အတိဖြစ်နေသည်။ လေအေးက သယ်ဆောင်လာသော နှင်းစက်ဖွေးဖွေးများသာ လူးလွန့်ပျံ့သန်းနေပြီး သစ်ရွက်သစ်ခက်များပေါ်တွင် လှပစွာ ဆင်းသက်လာနေသည်။
အပူပေးစက်ဖွင့်ထားသော အခန်းငယ်ထဲတွင် ရှိသော ခပ်နွေးနွေးလေထုကြောင့် ချမ်းအေးမှုဒဏ်ကို ခံနိုင်ပေမယ့် ရင်ထဲက လောင်မြိုက်နေတဲ့ အပူမီးတွေကိုတော့ နှင်းစက်များပင် မချေဖျက်နိုင်ချေ။ တုန်ယင်နေသောလက်များမှာ အနည်းငယ်ငြိမ်သက်လာပြီး မှန်ကွဲစများအထင်းသားပေါ်နေသည့် ဖုန်းလေးကို အကြောင်းပြချက်မရှိ ကြည့်နေမိသည်။
ပူပြင်းသောသဲကန္တာရအောက်က ပက်ကြားအက်နေသော မြေပြင်များလို ဖုန်းမှန်သားပြင်ဟာ ကြည့်မကောင်းအောင်ပင် ကွဲအက်နေလျက်ရှိသည်။ အားသိပ်မပြင်းပဲ အရက်အရှိန်နဲ့ ပစ်ပေါက်ခံလိုက်ရတာမို့ ကျိုးကြေခြင်းမရှိပဲ အပေါ်ယံကွဲအက်သွားတဲ့ဖုန်းလေးကို ထွက်မပြေးခင်အမှီရအောင် ကောက်ယူလာခဲ့ခြင်းဖြစ်သည်။
ထိုဖုန်းကို ကြည့်နေသော 𝗙𝗲𝗹𝗶𝘅 ရဲ့ မျက်ဝန်းအိမ်များမှာ နှင်းလိုအေးစက်နေပြီး နှုတ်ခမ်းပါးများဟာ ခြောက်သွေ့လျက် နှလုံးခုန်သံတွေဟာ မူမှန်ခြင်းမရှိပဲ ရင်ဝကို မီးစနဲ့ ထိုးထားသလို လောင်မြိုက်ပူဆွေးနေရသည်။
"𝗟𝗶𝘅 ဖုန်းက ဘယ်လိုဖြစ်တာလဲ"
အခန်းထဲဝင်လာပြီး ဖုန်းကိုကြည့်လိုက်၊သူ့ကိုကြည့်လိုက်နဲ့ မေးလာတဲ့ 𝗛𝘆𝘂𝗻𝗷𝗶𝗻 ကို မော့ကြည့်ဖို့ပင် အားမရှိတော့ပဲ ခေါင်းငုံ့လျက်သာ ဖြေလိုက်သည်။
"လမ်းမှာ ပြုတ်ကျသွားတာပါ"
အခြေနေအားလုံးကို 𝗛𝘆𝘂𝗻𝗷𝗶𝗻 မရိပ်မိစေရန် ကြည့်မကောင်းအောင် ပုံပျက်နေသော သူ့မျက်နှာကို အမြန်ပြင်လိုက်ပြီး ဟန်ဆောင်အပြုံးတစ်ခုကို နှုတ်ခမ်းပါးထက် ဖန်ဆင်းလိုက်သည်။
𝗛𝘆𝘂𝗻𝗴 ဆီက ထွက်ပြေးလာခဲ့တဲ့ အဖြစ်မှန်ကို ပြောလို့မဖြစ်တာမို့ အကယ်၍များ မေးလာခဲ့ရင် တခြားအကြောင်းပြချက်ကိုပေးနိုင်ရန် ဦးနှောက်ကို အလုပ်လုပ်ပေးကာ စဉ်းစားနေမိသည်။
YOU ARE READING
Love is Painful
Fanfictionတကယ်လို့ အချစ်က နားကျည်းစရာ အတိတ်တစ်ခုဆို ဘာလို့များ ပွေ့ဖက်ခဲ့သေးလဲ....တကယ်လို့ အချစ်က တစ်ယောက်ကိုတစ်ယောက် နာကျင်စေခဲ့တယ်ဆို ဘာဖြစ်လို့ တမ်းတမ်းတတ သတိရနေသေးလဲ...တကယ်လို့ အချစ်က ဆောင်းတွင်းရဲ့ အိပ်မက်ဆိုးဆို ဘာဖြစ်လို့ အိပ်မက်တွေ ဆက်မက်ချင်နေသေးလဲ...