ဒီဇင်ဘာ ၁၀ရက်နေ့ မနက်၆နာရီ။
" သာကီ မောင်လေး ဒီနေ့ ICUထဲ ဆရာကြီးနဲ့
လိုက်ဝင်ဖြစ်လား"မပိုးရဲ့ သူငယ်ချင်းဖြစ်သူ အစ်မတစ်ယောက်က ဆေးမှတ်တမ်းဖိုင်တွဲတွေ သယ်ချလားရင်း မေးလာသည်မို့ လက်ကနာရီကို တစ်ချက်ငုံ့ကြည်မိသည်။ မနေ့ညက နိုက်ဂျူတီချိန်တစ်ချိန်လုံးလည်း တစ်ချက်မှ အိပ်ချင်စိတ်မဖြစ်ခဲ့သလို့ အခုမနက်ရောက်တော့လည်း နေထွက်လို့ အလင်းရောင်မြင်ကတည်းက ဖင်ကတကြွကြွဖြစ်နေတာ ကိုယ်သာအသိဆုံးဖြစ်သည်။ ဒီလိုဖြစ်ရတဲ့အကြောင်းပြချက်ကတော့ " ကျွန်တော်ကို လေဆိပ်မှာ လာကြိုပေးရမှာ"ဆိူတဲ့ စကားလေးတစ်ခွန်းကြောင့်ပင်။
" ကျွန်တော် မသေချာသေးဘူးအစ်မ ဘယ်အချိန်လို့ပြောလဲ"
"ဆရာကြီးရောက်လာမှဆိုတော့ ၉ခွဲလောက်ပေါ့"
"မလိုက်တော့ဘူး အစ်မ ကျွန်တော် ဂျူတီoffတော့မှာ
ကိစ္စလေးရှိလို့"ကိုယ့်စကားကြားတော့ အစ်မက ဖိုင်တွဲထဲက report တွေစစ်နေရင်း အထူးတဆန်းမော့ကြည့်လာသည်။ အရင်ကဆို operation ၊ ICU နှင့်ပတ်သက်၍ ပါမောက္ခဆရာကြီးရဲ့ အချစ်တော်ဖြစ်သည့် သာကီက တစ်ချက်မငြင်း မငြီးမငြူ ကြိုးကြိုးစားစား ထိပ်ဆုံးက ပါဝင်တတ်သူမျိုးဖြစ်တာကြောင့် သူမ အံ့ဩတာလည်း မထူးဆန်း။
အခုတော့ အခြေအနေမတူတော့ဘူးဗျ ကျွန်တော်က ကောင်လေးနဲ့ ဆိုတာ စိတ်ထဲကပဲ ကြိတ်ပြောပြီး စိတ်ထဲကပဲ ကြိတ်ပြီး ခွီးကနဲပင် ရယ်လိုက်မိသည်။ အူမြူးနေတာကို မျက်နာမှာ မပေါ်အောင်ဖုံးဖိထားရတာလဲမလွယ်ပါ။ ဉာဏ်လေးကို လွမ်းနေရတာ ကိုယ်ဝမ်းနာ ကိုယ်သာအသိ။
တွဲတဲ့သက်တမ်းကြာလာလေ ဉာဏ်ကိုပိုသဘောကျလာလေဆိုတာ မညာချင်တာ အမှန်ပါ။ ဖုန်းထဲကနေ စကားပြောတဲ့အခါဆိုလည်း အသံလေးသဘောကျနေရင်း ဉာဏ်ဘာပြောသွားမှန်းသေချာမသိလိုက်သည်အထိ၊ video call ပြောလည်း ဉာဏ်ရဲ့ မျက်လုံးတွေကို ငေးကြည့်ရင်း ကုန်ဆုံးသွားတာများသည်။ ပြောသာပြောရတာ ဉာဏ်သာ ကျောင်းသွားတက်ရင် ဘယ်လိုများနေရပါ့မလဲ။