မနက်ဖြန်ကစပြီး သကြင်္န်တွင်း ဂျူတီရှိသည်မို့
တစ်အိမ်လုံး သန့်ရှင်းရေးလုပ်တော့ စည်သူစားထားတဲ့
ရယ်ဒီမိတ် မုန့်ထုပ်အမှိုက်ထုတ်တွေ မီးဖိုချောင်ထွက်အမှိုက်တွေကြီးပဲကို အထုပ်ကြီးနှစ်ထုပ်ရသည်။
တစ်နေ့လုံး အလုံပိတ်ထားတတ်တာကြောင့် ဖုန်ကတော့
သိပ်မရှိ။ အားလုံးသန့်ရှင်းပြီး စာအုပ်စင်တစ်ခုသာ ရှင်းဖို့ကျန်တော့သည်။ ပြီးရင် လျှော်စက်ထဲက အဝတ်တွေလှမ်းမယ်။ စိမ်ထားတဲ့ စောင်နှစ်ထည်ကို လျှော်ရမယ်။နံရံပေါ်က နာရီကိုကြည့်တော့ ၁၂နာရီကျော်နေပြီမို့ ဗိုက်ကလည်းအချက်ပြနေသည်။ အခုချိန်လောက်ဆို လမ်းထိပ်က လှည်းနဲ့ လာရောင်းတဲ့ ကြက်ဥခေါက်မုန့်ဆိုင် ခင်းနေလောက်ပြီဆိုတဲ့ အတွေးဝင်လာတော့ တစ်ထောင်တန်၂ရွက်ကိုအိပ်ကပ်ထဲထည့်ကာ တံခါးဝမှာ သွားပစ်မလို့ချထားတဲ့အမှိုက်နှစ်ထုပ်ကို ဆွဲကာ ထွက်လာလိုက်သည်။
တီခနဲ ပွင့်သွားတဲ့ ဓာတ်လှေကားတံခါးကြောင့် အပြင်ထွက်မလို့ ပြင်လိုက်တော့ ရပ်နေတဲ့ လူတစ်စု။ အနောက်ဆုံးမှာရပ်နေပေမယ့် ပိုရှည်နေတဲ့ ခေါင်းတစ်လုံးကြောင့်
ချက်ချင်းမြင်လိုက်တာက ဦးထုပ်အမဲနဲ့ ဟိုကလေး။"အော် "
ရုတ်တရက်မို့ အာမေဋိတ်အသံနဲ့အတူ နှုတ်ဆက်တော့
မပြုံးမရယ်နဲ့ ခေါင်းသာငြိမ့်ပြလာသည်။ ယဉ်ကျေးမှုမရှိဘူးတွေ ဘာတွေ ထွေထွေထူးထူးတော့ မတွေးဖြစ်
ဒီကလေး စကားနည်းပုံရတယ်ဆိုတာ သိနေလို့။လမ်းထဲက အမှိုက်ပုံးအစိမ်းရောင်ကြီးထဲ အမှိုက်နှစ်ထုပ်ပစ်ပြီးတာနဲ့ လမ်းထိပ်အထိ ဆက်လျှောက်လာလိုက်တော့ ခေါက်မုန့်ရောင်းတဲ့ လှည်းလေးက ရောက်နေပြီ။
" ငါ့တူကြီး မတွေ့တာကြာပြီ "
ခေါက်မုန့်ရောင်းတဲ့ အဘက ဝယ်စားနေကြမို့
ခင်ခင်မင်မင်နှုတ်ဆက်လာသည်။"ဟုတ်တယ် အဘ ဒီရက်ပိုင်း သိပ်မအားလို့
အဘရော ရောင်းကောင်းတယ်မလား
ကျွန်တော့်ကိုကြက်ဥနဲ့ တစ်ထောင်ဖိုး
အုန်းသီးမထည့်ဘူးနော် "" ဒီလိုပါပဲ ငါ့တူရေ မနက်ဖြန်တော့ မြို့ထဲ လူစည်တဲ့နေရာတွေ ပတ်ရောင်းမယ်ကွာ အခါတွင်းကတော့
ပိုရောင်းရတယ် "