အပိုင်း<၈>{z+u}

314 17 0
                                    

<Unicode>

ကိုယ် မပိုင်တဲ့ ရပ်ဝန်းရယ်ပါ..။
အချစ်ခံချင်တဲ့အခါ ငိုကြွေးခဲ့မိပါတယ်။

____________________

မိုးစတို့က အငြိုးနှင့်ပြိုသည်။လျှပ်တဝင်းဝင်း၊မိုးချိန်းသံတဒုန်းဒုန်းနှင့် မိုးရာသီအား လှပစွာ ပုံဖော်လို့နေသည်။ရောင်စုံထီးလေးများနှင့် အဖြူအစိမ်းဝတ်ထားသော ကျောင်းသား/သူ တို့က ပြေးလွှားနေကြသည်။အနက်ရောင် မိုးတွင်းစီး ကွင်းထိုးဖိနပ်လေးဘေးတွင် မိုးစက်များ ခစားလို့နေသည်။ဟိုတစ်ကွက်၊ဒီတစ်ကွက် ရေအိုင်တို့အား ဖိနပ်ပိုင်ရှင် ခပ်ဖွေးဖွေးခြေဖမိုးလေးက ရှောင်ကွင်းလို့ သွားနေသည်။

ခြေမျက်စိဖုံးသည့် အစိမ်းရောင်လုံချည်လေးက အနားစတို့စိုလို့နေသည်။အစိမ်းရင့်ရောင်ခေါက်ထီးလေးက ကြိုးစားကာကွယ်နေသော်လည်း သည်းထန်သောမိုးကြောင့် ထီးပိုင်ရှင်အား စိုစွတ်စေသည်။ပြေးလွှားနေကြသော ကျောင်းသားငယ်များ ကျဲပါးသွားချိန်တွင် (ထ၁)ကျောင်း၏ ထူးချွန်ကျောင်းသားလေး တဖြစ်လည်း လုလင်ပျိုဟာ ကျောင်းပေါက်ဝကို လျှောက်လှမ်းလို့လာသည်။

ကျောင်းရှေ့ရှိ ပျဥ်းမပင်ကြီးသည် ခရမ်းရောင်ပန်းပွင့်တို့အား အစွမ်းကုန်ပွင့်လန်းလို့နေသည်။
ထိုစဥ်အခါများကလိုပင် ခရမ်းရောင်ပျဥ်းမပင်ကြီးအောက်၌ အနီရောင်ကားလေးကို ရပ်ကာ ထီးမိုးလျက် စောင့်ဆိုင်းနေသူသည် မပြောင်းမလဲရှိနေခဲ့သည်။လုလင်ပျိုသည် သားဒီပအားမြင်သည်နှင့် သူ၏ပါးနှစ်ဖက်မှ ချိုင့်ခွက်နေသော ပါးချိုင့်ခွက်ကြီးများကို ရက်ရက်ရောရောဖော်ပြကာ ပြုံးပ လို့လာသည်။

ငယ်စဥ်က ပိန်သွယ်သည့် မျက်နှာလေးက လူပျိုဖော်ဝင်ကာစတွင် အချိုးကျကာ ယူသဏ္ဍန်ပုံပေါ်လာသည်။အနက်ရောင်ဆံနွယ်တို့က ခပ်အုပ်အုပ်ကျလို့နေသည်။ ​တစ်ပြေးတည်းသောနှာတံက ထိပ်ဖျားတွင် လုံးလို့နေသည်။နှုတ်ခမ်းဖူးဖူးက စေ့စေ့ပိတ်ကာထားလျင် မာနကြီးသည်ဟု ထင်ရပြီး၊ ပြုံးရယ်လိုက်လျင် ချစ်စရာအတိရှိသော လုလင်ပျိုက ကျောင်းတွင် စာတော်သောအလှလေးဟု နာမည်ကြီးလေသည်။

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Where stories live. Discover now