~ အခန်း ၂၃ ~ တြိပိုးစာပင်

746 127 3
                                    

{ UNICODE }

ကြောင်ကိုယ်တော်လေးက တုံးအနေသည့် တပည့်ကို ဖျက်ခနဲကြည့်လိုက်ပြီး လက်ကိုမြှောက်၍ ပါးရိုက်လိုက်လေ၏။

~~~~~

မုန်းဟူက ဘေးဘီကိုဝေ့ဝဲကြည့်လိုက်ပြီး စိမ်းဝါနုရောင်ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်လိုက်လေသည်။ ထိုကဲ့သို့ ကျောက်စိမ်းမျိုးတွင် သစ်သားဒြပ်စင်ပါဝင်ပြီး ဒြပ်စင်ပါလေ့မရှိသော သိဒ္ဓိအပင်များကို ထိန်းသိမ်းရာ၌ အမြဲလိုလိုပင် သုံးလေ့ရှိ၏။

" ဒါက ... "

မော့ထျန်းလျောင်၏လက်က သေတ္တာဆီသို့ ဖွင့်ရန်ရောက်မသွား၊ ၎င်းအစား သူ၏ရှုစ်ရှုန်းကိုသာ ကြည့်လိုက်သည်။

" ပြောရရင်တော့ အရှည်ကြီးပဲ "

မုန်းဟူက သူ့လက်ကိုမြှောက်လိုက်ပြီးနောက် ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်လေ၏။

" ဒါက ရှစ်ရှုန်း ခရီးထွက်ခဲ့ရတဲ့ အဓိကရည်ရွယ်ချက်ပဲ။ ဒါကိုရဖို့က အရမ်းခက်ခဲတယ်။ မော့ရှုန်းတောင် သေမလိုဖြစ်ခဲ့ရသေးတာ "

ကျောက်စိမ်းသေတ္တာ၏ အပြင်ဘက်အလွှာကို ရေခဲဆောင်လေးများဖြင့် ဖုံးအုပ်ထားပြီး ၎င်းကိုဖွင့်လိုက်သည့်နောက်မှာတော့ အအေးဓာတ်ဖျော့ဖျော့က ထွက်လာလေသည်။ ရေခဲတုံးများ၏ အလယ်တွင်မူ အနီရောင်တောက်တောက်နှင့် အသီးတစ်လုံးရှိလေ၏။ ရှည်လျားလွန်းသည့် ခရီးကိုဖြတ်သန်းလာ၍လားမသိ၊ အနှီအသီးမှာ အနည်းငယ်ပင် ရှုံ့ချင်နေပြီ။ ၎င်း၏ပုံစံမှာ အလွန်ပင် ကြည့်ရဆိုးသည် ဖြစ်လင့်ကစား မော့ထျန်းလျောင်မှာ ချက်ချင်းပင် သိလိုက်လေသည်။ ဝိဉာဉ်စုစည်း တြိပိုးစာသီး*!

တြိပိုးစာပင်မှာ အလွန့်အလွန်ကိုရှားပါးသည့် နတ်သစ်ပင်တစ်မျိုးပင်။ ထိုအပင်မျိုးတွင် အကိုင်းအဟူတို့မရှိ။ ပင်စည်တစ်လျှောက်ရှိ သစ်အက်ကြောင်းများထဲမှသာ အနှစ်သုံးဆယ်ကိုတစ်ခါ အသီးသီး၏။ အနှီသစ်သီးမျိုးတွင် အလွန်ကိုရှားပါးသည့် ဝိညာဉ်တည်ငြိမ်စေသော အစွမ်းသတ္တိရှိပြီး နတ်ဝိညာဉ်များကိုလည်း ပြန့်ကျဲသွားခြင်းမှ ကာကွယ်ပေးနိုင်လေသည်။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now