~အခန်း ၂~ အစဥ်ထာဝရ

1.6K 277 7
                                    

{ Unicode }

ကောင်းကင်ပေါ်မှလမုန့် မျက်နှာပေါ်တည့်တည့်ပြုတ်ကျခြင်း

~~~~~

ထိုက်ရွှမ်တိုက်ကြီးပေါ်တွင် လူနှစ်မျိုးနှစ်စား ရှိလေသည်... သာမန်သေမျိုးလူသားများနှင့် ကျင့်ကြံသူများဟူ၍။ အနှီကျင့်ကြံသူတို့က သဘာဝ ဝိဉာဥ်စွမ်းအားကို အသုံးပြု၍ ခန္ဓာကိုယ်ကိုပျိုးထောင်ကြကာ မသေမျိုးဖြစ်ရန်နှင့် မိုးပေါ်ပျံရန်အတွက် စွမ်းအားအလုံအလောက်ကို ရရှိကြလေသည်။

အမတလမ်းစဉ်ကို ကျင့်ကြံမည်ဆိုလျှင် ကျင့်ကြံသူများက သဘာဝလမ်းစဉ်များကို ချိုးဖောက်ရမည်သာဖြစ်သည်။ အခြေခံအဆင့်ကို ရောက်ပြီးလျှင် ကျင့်ကြံသူတစ်ဦး၏ မသေမျိုးဝိဉာဉ် သုံးခုနှင့် သေမျိုးဝိဉာဉ်ခုနစ်ခုတို့သည် တဖြေးဖြေးချင်းပေါင်းစပ်သွားပြီး သိဒ္ဓိ နတ်ဝိဉာဉ်အဖြစ်သို့ ရောက်ရှိသွားလေသည်။ ကျင့်ကြံသူများသည် အနှီမသေမျိုးနှင့် သေမျိုးဝိဉာဉ်များမပါဘဲ သံသရာစက်ဝန်းထဲသို့ ဝင်နိုင်စွမ်းမရှိချေ။ ထို့ကြောင့် ထိုသူများအတွက် နောက်ဘဝဆိုသည်မှာလည်း ရှိလာမည်မဟုတ်ပေ။

ထိုသူတို့၏ ရုပ်ခန္ဓာသည် တစ်ကြိမ်ပျက်စီးသွားလျှင် အသက်သုံးဘဝမျှသောကာလအတွင်း ထိုသိဒ္ဓိနတ်ဝိဉာဉ်က ခန္ဓာသစ်တစ်ခုကို မပိုင်ဆိုင်ရလျှင် ဤသည်မှာ ထိုကျင့်ကြံသူ၏ ဘဝအဆုံးသတ်ပင်ဖြစ်တော့သည်။

မော့ထျန်းလျောင်သည် မသေခင်ကပင် အဆင့်တန်းမြင့်သည့်ကျင့်ကြံသူ ဖြစ်သည့်အလျောက် ထိုအကြောင်းအရာများကိုလည်း သိထားသည်သာဖြစ်သည်။ ထို့ကြောင့်ပင် နွေရာသီ၏ မိုးကြိုးတစ်ချက်က သူ့အား မရေတွက်သည့် လပေါင်းများစွာ လွင့်မျောနေရာမှ နှိုးလိုက်မိချိန်တွင်
မော့ထျန်းလျောင်က မူးဝေထိုင်းမှိုင်းနေခဲ့သည်။

အနှီသိဒ္ဓိနတ်ဝိဉာဉ် ခန္ဓာကိုယ်မှတစ်ကြိမ် ထွက်သွားခြင်းသည် ရေခဲပါးပါးတစ်ချပ် အလွန်ပူပြင်းသည့်နေထဲတွင် ကွာကျသွားသည့်အတိုင်းပင် လိပ်ပြာတောင်ပံကဲ့သို့ ကျိုးပဲ့လွယ်လှသည်။ အပေါ့ပါးဆုံး လေပြေညှင်းသည်ပင် ဘာမှမကျန်တော့အောင် ပျံ့နှံ့သွားစေနိုင်သည်။ သို့သည်တိုင်အောင် သူသည် အသိတရားကပ်နေဆဲဖြစ်ပြီး အတိတ်ဘဝကမှတ်ဉာဏ်များဖြင့် လွင့်မျောနေဆဲဖြစ်သည်။ သူက ပတ်ပတ်လည်ကိုကြည့်လိုက်မိပြီး ယခုထိတိုင် ရန်အော်တောင်ခါးပန်းတွင် ရှိနေသေးသည်ကို သိရှိသွားလေသည်။ သို့သော်လည်း သူ့အား လေပြေက အခြားတောင်ထိပ်တစ်ခုသို့ တိုက်ခတ်သယ်ဆောင်သွားခြင်းကို ခံလိုက်ရသည်။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now