ဝမ်ကိုကို့ ကားခြံထဲကနေ မောင်းထွက်သွားမှ ကျန့်ကျန့်လည်းသက်ပြင်းဖွဖွ ချနိုင်ပါတော့တယ်။မရှေးမနှောင်းမှာပဲ အခန်းတံခါးခေါက်သံကြားရတယ်။
ကျန့်ကျန့်အမြန်ဖွင့်ပေးလိုက်တော့
ဒေါ်လေးရွှယ်လက်ထဲမှာ အထုပ်တွေတစ်ပွေ့တစ်ပိုက်နဲ့ရယ်။"အင့်...ကျန့်ကျန့်အတွက် ရှန်ဟိုင်းပြန်လက်ဆောင်တဲ့...ပိုးသူဌေးလေးဝမ်ပေးခဲ့တာ ဘယ့်နှယ်...ရှန်ဟိုင်းသားကို ရှန်ဟိုင်းပြန်လက်ဆောင်ပေးရတယ်လို့ ကြားကြားဖူးပေါင်"
"မကြားဖူးပေမဲ့ ဒေါ်လေး လက်ခံလိုက်တာပဲမလား"
"အို...လက္မခံလို့ဘယ်ဖြစ်ပါ့မလဲ...သူဌေးလေးဝမ်က စေတနာနဲ့ဝယ်လာပေးတဲ့ဥစ္စာ"
"ဘာတွေလဲမသိဘူးနော်...ကြည့်ရအောင်"
ကျန့်ကျန့်လည်း အထုပ်ကြီးငယ်တို့ကို
ကုတင်ပေါ်တင်ပြီး ဖွင့်ဖောက်ကြည့်လိုက်တော့ ရှန်ဟိုင်းကထုတ်တဲ့ ကျန့်ကျန့်အကြိုက်သကြားလုံးတွေ။ နောက်တစ်ခု
က ပိုးပုဝါနဲ့ထုပ်ပိုးထားတဲ့ သေတ္တာပြားလေးမို့ ဖြည်ဖွင့်လိုက်တဲ့အခါ သစ်သီးခြောက်သေတ္တာဖြစ်နေလေရဲ့။ တစ်ခြားသူတွေက ပါပါးကို လက်ဆောင်ပေးတဲ့အခါမျိုးမှာပဲ ဒီလိုသေတ္တာလိုက် စားဖူးတာရယ်။ ကျန့်ကျန့်ဘာသာဆို ဒီတိုင်းဆီစိမ်စက္ကူထုပ်လေးတွေနဲ့ပဲ ဝယ်စားဖြစ်တာမို့ သစ်သီးခြောက်သေတ္တာကိုအတော်ကြီး သဘောကျသွားရတယ်။ ဝမ်ကိုကိုက သိပ်တော်တာပဲ။ ကျန့်ကျန့်အကြိုက်တွေချည်းသိနေတော့တာပါပဲ။ကျန့်ကျန့် လက်ဆောင်တွေနဲ့အလုပ်ရှုပ်နေတုန်းမှာပဲ ဒေါ်လေးရွှယ်က မျက်စောင်းထိုးလို့လှည့်ထွက်သွားလေရဲ့။ တံခါးနားရောက်ခါမှ သမင်လည်ပြန်ကြည့်လိုက်ပြီး
"ညနေ ၅ နာရီကျရင် ပိုးသူဌေးလေးဝမ် အော်ပရာကြည့်ဖို့လာခေါ်လိမ့်မယ်...ပြင်ဆင်ထားနော် ကျန့်ကျန့်"
ကျန့်ကျန့်ဘာမှပြန်မပြောနိုင်ခင်မှာပဲ ဒေါ်လေးရွှယ်က အောင်နိုင်သူခြေလှမ်းတွေနဲ့ လှမ်းထွက်သွားပြီပဲဖြစ်တယ်။
ဒေါ်လေးရွှယ်ကတော့လေ...ကျန့်ကျန့်ကိုနည်းနည်းပါးပါး မေးပါအုံးလားလို့။
ကျန့်ကျန့် ဝမ်ကိုကိုနဲ့ မျက်နှာချင်းဆိုင်ဖို့ အဆင်သင့်မဖြစ်သေးပါဘူးဆိုမှ...။
YOU ARE READING
Sweety 1920s (Completed)
Fanfiction"အနောက်ဘက်ရေကန်ရဲ့ ဇာတ်လမ်းလိုမျိုး တစ်စုံတစ်ယောက်က ကျန့်ကျန့်ကို မြင်မြင်ချင်းချစ်မိသွားတယ်ဆိုရင်ရော..."