☄️8☄️

5K 717 48
                                    

(Unicode)

"ခင်ဗျားပြောတာ မှန်တယ်ထင်တယ်၊ ကျွန်တော့်ရဲ့ လက်နက်က ဒီယာကွာရယ်မှာ မဖြစ်နိုင်ဘူး"

ဂျောင်ဂု၏ စိတ်ပျက်အားလျော့သံတိုးတိုးက အနောက်နားဆီက လွင့်ပျံလာသည်မို့ ထယ်ယောင်းမှာ ရှေ့က ဦးဆောင်နေရာမှ ခြေလှမ်းတို့ နှေးကွေးသွားရသည်။ လျှောက်နေရင်း အနောက်ကို လှည့်ကြည့်မိတော့ ပင်ပန်းနွမ်းနယ်နေပုံပေါ်‌သော ဂျောင်ဂု၏ မျက်နှာလေး။

မနက် နေမထွက်ခင်ကတည်းက ယခုမွန်းတည့်ချိန်အထိ ဒီယာကွာရယ်အနှံ့လျှောက်နေရ‌တော့ သူလည်း မောလောက်ပြီပေါ့။

"ခဏနားကြမလား"

ထယ်ယောင်းက ခပ်တိုးတိုးအမေးပြုလေတော့ ဂျောင်ဂုမှာ ဆက်တိုက်ကို ခေါင်းငြိမ့်ပြလာသည်။ ဘယ်အချိန်ကတည်းက နားချင်နေရှာသလဲမသိ။ ထယ်ယောင်းမှာ ဂျောင်ဂုကို အားနာသွားမိသည်။

ဂျောင်ဂုက ခေါင်းငြိမ့်ပြီးတာနဲ့ လမ်းဘေးတွင် ရှိသော သစ်ပင်ကြီးတစ်ပင်၏ အရိပ်အောက်‌တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့သည်။ အလွန်မောပန်းနေဟန်ရှိသော ဂျောင်ဂုကိုကြည့်ကာ ထယ်ယောင်းအနည်းငယ်ပြုံးလိုက်ရင်း ဂျောင်ဂုဘေးတွင်ဝင်ထိုင်သည်။

သစ်ပင်၏ အရိပ်အောက်မှတစ်ဆင့်မြင်ရသော ဒီယာကွာရယ်ရဲ့ အဖြူအဝါစပ်ကြားအိမ်ကလေးများနဲ့ အဖြူအဝါပန်းကလေးများ ပြည့်နေသော မြင်ကွင်းက သိပ်ကို လှပပါသည်။

လမ်းမတွင် လျှောက်နေကြသော လူများကတော့ သူတို့ကို ကွက်ကြည့်ကွက်ကြည့်။ သူတို့ဆိုတာထက် ဂျောင်ဂုကို ကြည့်နေကြသည်ဆို ပိုမှန်သည်။ ဂျောင်ဂုရဲ့ ဆံပင်အနက်ရောင်က ဒီယာကွာရယ်က လူတွေရဲ့ အကြည့်တွေကို ဆွဲဆောင်နိုင်သည်။

နှစ်ယောက်လုံး ဘာစကားတစ်ခွန်းမှ မပြောမိကြဘဲ သစ်ပင်ရိပ်ကြီးအောက်တွင် အတွေးကိုယ်စီနဲ့ တိတ်ဆိတ်စွာ အမောဖြေနေကြသည်။

ဒီယာကွာရယ်မြို့လေးက သိပ်မကျယ်သော်လည်း ကျဉ်းတဲ့အနေအထားတော့မဟုတ်။ ထိုတစ်ခွင်ကို တစ်မနက်လုံး လျှောက်သွားခဲ့ပါသော်လည်း ဂျောင်ဂု၏ ကိုယ်ပိုင်လက်နက်ကို ခြေရာမခံနိုင်သေးပေ။ တန်ဖိုးကြီး ရတနာဆိုင်တွေထဲလည်း သွားခဲ့သော်လည်း ရတနာများက ဂျောင်ဂုလက်ထဲတွင် ဘာမှမထူးခြားခဲ့။

Back To Deaquerld [Completed]Where stories live. Discover now