☄️14☄️

5K 645 45
                                    

(Unicode)

သည်းကြီးမဲကြီး‌ရွာနေသော မိုးဟာ ညမှောင်ရီပျိုးချိန်လောက်မှ တိတ်သွားခဲ့သည်။ သို့သော် မိုးသားတိမ်လိပ်တို့ကတော့ မပျောက်ကွယ်သွားသေး။ နေဝင်ချိန် မှောင်သယောင်ဖြစ်နေသည်ကို မိုးတိမ်မည်းတွေကြောင့် ပတ်ဝန်းကျင်က ပိုမည်းနက်နေသည်။

ဒါပေမဲ့ အိန်ဂလိုနယ်မြေထဲမှ ပန်းကလေးတွေကတော့ အရောင်အသွေးစုံလင်စွာ မီးအိမ်လေးများပမာ တောက်ပနေကြပြီဖြစ်သည်။

ဒီယာကွာရယ်၏ ပန်းကလေးများက အဝါရောင်အလင်းများ ထုတ်လွှတ်ပြီး ထရောစလင့်က ပန်းများက လိမ္မော်ရောင်အလင်းထုတ်လွှတ်သည်။ အိန်ဂလိုက ပန်းလေးများကတော့ သူ့ပန်းအရောင်အတိုင်း ရောင်စုံ အလင်းလေးများ ထွက်၏။

ပတ်ဝန်းကျင်တစ်ခွင် ပန်းများနဲ့ ပြည့်နှက်နေသည်မို့ မီးအိမ်လေးများ အလယ်တွင် ရောက်နေသည့်ပမာ အမှောင်ထုကိုပင် မခံစားရတော့။ ညအခါမို့ အန္တရာယ်များသည်မှန်သော်လည်း အိန်ဂလို၏ ညဘက်အလှက အကြောက်တရားကို ဖယ်ရှားပစ်နိုင်လောက်သည်အထိ လှပါသည်။

ကံကောင်းသည်က ခပ်လှမ်းလှမ်းတွင် ကျောက်သားတို့က ဂူပုံသဏ္ဍာန်လေးဖြစ်နေသည်ကို တွေ့ရသည်မို့ ထယ်ယောင်းနဲ့ ဂျောင်ဂုဟာ ထိုဂူလေးထဲတွင် ဝင်နားကြသည်။

ဂူထဲရောက်သည်နှင့် ထယ်ယောင်းက ဂျင်ဂျူအား ထောင်၍ တည့်တည့်ကိုင်ရင်း မျက်လုံးမှိတ်ကာ တစ်စုံတစ်ရာကို ရေရွတ်နေဟန်။ ထိုအချိန်မှာပဲ ဂျင်ဂျူ၏ ပတ်ပတ်လည်တွင် အဖြူရောင် အခိုးအငွေ့များ ရစ်ပတ်နွယ်ယှက်လာတော့သည်။

ထယ်ယောင်းက အဲ့တော့မှ မျက်လုံးပြန်ဖွင့်ကာ ဂျင်ဂျူအား မြေကြီးပေါ်တွင် ထိုးစိုက်၍ ပတ်ပတ်လည် စက်ဝိုင်းသဏ္ဍာန်ရေးဆွဲလိုက်သည်။ ဂျောင်ဂုရော ထယ်ယောင်းပါ ထိုစက်ဝိုင်းထဲတွင် ထိုင်နေလျက်သား အနေအထားဖြစ်သွား၏။

"ဒါ ဘာလုပ်တာလဲ"

ဂျောင်ဂု၏ မေးခွန်းကြောင့် ထယ်ယောင်းက ဂျင်ဂျူအား ဖုန်ပြန်သုတ်ပေးနေရာမှ လှည့်ကြည့်လာသည်။

"ဝိဉာဉ်တွေ မလာနိုင်အောင် တားထားတဲ့ သဘောပါ၊ အရမ်းစိတ်မချရပေမဲ့ အကာအကွယ်တော့ရှိပါတယ်"

Back To Deaquerld [Completed]Where stories live. Discover now