☄️9☄️

4.9K 700 20
                                    

(Unicode)

ဒီယာကွာရယ်၏ နန်းတော်ကြီးက သိပ်ကို ခမ်းနားပါသည်။ ထုံးစံအတိုင်းအဖြူနဲ့ အဝါရောစပ်ထားခြင်းမှန်သော်လည်း အိမ်များနဲ့မတူသည်က အုတ်ဖြူဖြူဖွေးဖွေးများအား ရွှေကွပ်ထားခြင်းပင်။

နန်းတော်၏ထိပ် အလယ်တည့်တည့်တွင်တော့ သက်တံ့ရောင်ခြည်တန်းများ ဖြာထွက်နေလျက်။ ပထမဆုံးမြင်ဖူးသူအဖို့ လှလိုက်တာဟု တွေးနိုင်သော်လည်း ထယ်ယောင်းမှာတော့ ဒီရောင်ခြည်တန်းများက လွန်ခဲ့တဲ့ နှစ် ၂၀ ကလောက် မတောက်ပတော့မှန်း သိနေသည့်အတွက် သက်ပြင်းသာချမိ‌သည်။

လမ်းလျှောက်ဖို့အတွက် ဝေးသည်မို့ နန်းတော်သို့ တန်းရောက်စေသော မှော်စွမ်းအင်သုံးကာ နန်းတော်ရှေ့တည့်တည့်ချက်ချင်း ရောက်လာခြင်းပင်။ ထို့ပြင် ဂျင်ဂျူမပါဘဲ နန်းတော်ထဲ ခြေချဖူးတာလည်း ပထမဆုံးဖြစ်သည်။ ဧကရာဇ်က အခုလိုမျိုးခေါ်လေ့မရှိသည့်အတွက်လည်း လန့်မိတာတော့ အမှန်။ ဂျင်ဂျူမပါတော့ ပိုဆိုးသည်။

ထယ်ယောင်း အထဲကို ဝင်လိုက်တာနဲ့ နန်းတော်အတွင်းဘက်က အရောင်အနည်းငယ် မှိုင်းနေသည်ကို သတိထားမိသည်။ မှော်စွမ်းအင်တွေက သိသိသာသာကို နည်းပါးနေပြီဖြစ်သည်။

"ထယ်ယောင်း"

ခေါ်သံကျယ်ကျယ်တစ်ခု၊ အာဏာရှိသည့်ပုံစံပေါက်သော်လည်း ဩဇာတော့ ရှိမနေ။ ဒီအသံပိုင်ရှင်က တခြားသူမဟုတ်၊ ဂျောင်ဂု၏ ဦးလေး တစ်နည်းအားဖြင့် ဒီယာကွာရယ်၏ လက်ရှိ ဧကရာဇ် ဂျွန်ဆယ်ဟိုပင်ဖြစ်သည်။

ထယ်ယောင်း လှည့်ကြည့်လိုက်တဲ့အခါမှာ ဧကရာဇ်က မျက်ခုံးတန်းနှစ်ခု တည်တန်းနေကာ ထယ်ယောင်းအား သေချာစူးစိုက်ကြည့်နေသည်။ အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူအား ဝတ်ဆင်ထားပြီး အဝါရောင် ဝတ်ရုံကို ခြုံထားလျက်။ ခါးကြားထဲတွင်တော့ ရွှေကွပ်ထားသော ဓားတစ်ချောင်းရှိနေသည်။ ဆံပင်ကတော့ ဂျောင်ဂုကဲ့သို့ အနက်ရောင်ဖြစ်၏။ ဂျွန်မိသားစုတစ်ခုလုံးက ထူးခြားသော အနက်ရောင်ဆံပင်ပိုင်ရှင်များသာ။

‌ထယ်ယောင်းမှာ ဧကရာဇ်အား ‌ခါးလေးအနည်းငယ်ကိုင်းညွတ်၍ အရိုအသေပေးလိုက်သည်။

Back To Deaquerld [Completed]Where stories live. Discover now