အပိုင်း ၃၇ အပြစ်ဒဏ်

3.1K 234 84
                                    

ZG

ရက်အနည်းငယ်ကြာ၍ သွားလာရန် အဆင်ပြေလာသည်အထိ ကင်မ့်အခြေအနေက ထူးခြားမလာသေး၍ အားလျော့ရပါသည်။ သို့သော်လည်း ကင်မ့်မေမေနှင့် စီနီယာ၏ စကားတို့ကို အမှတ်ရမိတိုင်း၊ ပဲစေ့လေးတို့ကို ကြည့်မိလေတိုင်း ပြန်၍ အားတင်းကာ စောင့်ဆိုင်းမိပြန်သည်။

"ကင်မ်... မြန်မြန်သတိရလာပါတော့... ပဲစေ့လေးတို့ကို နာမည်ပေးရဦးမယ်လေ... ကင်မ့်သမီးလေးတွေက ကင်မ့်ကို သိပ်တွေ့ချင်နေကြရှာမှာ..."

လက်သွယ်သွယ်တို့အား ရေပတ်တိုက်ပေးနေရင်း တီးတိုးပြောဆိုမိသည်။ ဗိုက်ခွဲထားသည့်ဒဏ်ကြောင့် ကင်မ့် ဝေယျာဝစ္စအားလုံး လုပ်မပေးနိုင်သော်လည်း နိုင်သလောက် ပြုစုပေးရင်း ကင်မ်နိုးအလာကို မျှော်ကိုးနေမိပါသည်။

"အတတ်ကလေးတွေ ကင်မ်ရယ်။ သိလား။ ကျနော် ချီထားရင် လက်သေးသေးလေးတွေက မှီတဲ့ လက်ချောင်းကို အလိုလိုဆုပ်ကိုင်လာကြပြီးသား။ ရက်သားလေးတွေ ရှိသေးပေမယ့် တော်ရုံ ဂျီမကျကြသလို မျက်နှာလည်း သိပ်ချိုကြတာ။ ကင်မ်သာတွေ့ရင် သိပ်ချစ်မှာ...ကင်မ်ရဲ့.."

အမြဲလိုလို အနွေးဓာတ်ပေးခဲ့သော ကင်မ့်လက်ဝါးပြင်တို့က ယခုအခါတော့ ပုံမှန်ထက် အေးစက်ကာနေလေသည်။ စကားပြောတိုင်း စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးရင်း ပြုံးကာ တုန့်ပြန်တတ်သော ကင်မ့်မျက်နှာချောချောသည် ယခုတော့ oxygen maskအောက်တွင် မျက်ဝန်းများ မှိတ်သုန်ရင်း အနားယူနေသည်မို့ ပို၍ ဝမ်းနည်းလာရပါသည်။

စိတ်သက်သာရာရစေတတ်သော နွေးထွေးသည့် ကင်မ့်အသံဩဩကိုလည်း လွမ်းပါသည်။ ဝမ်းနည်းမျက်ရည်ကျသည့်အခါတိုင်း မျက်လုံးလေးများ နာနေလိမ့်မည်ဟု ခပ်တိုးတိုးနှစ်သိမ့်ကာ ကလေးသဖွယ် ချော့မော့ပေးတတ်သော ကင်မ့်ပွေ့ဖက်မှုကိုလည်း လွမ်းပါသည်။ အကြောင်းပြချက်ရှိရှိနှင့် တမျိုး အကြောင်းပြချက် မရှိပဲနှင့် တမျိုး မြတ်မြတ်နိုးနိုး နမ်းရှိုက်ပေးခဲ့သော ကင်မ့်နှုတ်ခမ်းတို့ကိုလည်း လွမ်းပါသည်။

အနီးဆုံးလူတို့၏ ကျောခိုင်းပစ်ပယ်မှုကို ခံရသည့်အချိန်မှာတောင် ကျနော့်လက်ကို ရဲရဲဝံ့ဝံ့ဆွဲကိုင်ကာ နောင်တမရှိရွေးချယ်ပေးခဲ့သော ကင်မ်။ ယခု ကြည်ဖြူမှုကို ခံရသည့်အခါမှ၊ အချစ်ခရီးလမ်းကလေး ဖြောင့်ဖြူးလာသည့်အခါမှ သည်လိုဖြစ်ရတော့ ဘယ်လိုမှ ဖြေမဆည်နိုင်ပါ။ ကံတရားရယ်... ကျီစယ်ချင်တယ်ဆိုရင်လည်း တော်ရုံပေါ့။ သိပ်ကို မရက်စက်လွန်းဘူးလား။

Second Choice ✔Where stories live. Discover now