အပိုင်း (၁၂)

245 29 2
                                    

Love you seven times
အပိုင်း (၁၂)

ရှန်းလင်ဂိုဏ်း၏အနောက်ဘက်မှာ နှင်းတွေဖုံးလွှမ်းနေတဲ့တောင်ကြီးတစ်တောင်ရှိတယ်။ တောင်ထိပ်ဟာ တစ်နှစ်ပတ်လုံး နှင်းတွေနဲ့ဖုံးလွှမ်းနေတာ။ ဖုန်းရွှယ်ရှန်းလို့ခေါ်တဲ့ ထိုတောင်ထိပ်ပေါ်မှာ ရှန်းလင်ဂိုဏ်းရဲ့အိမ်တော်တစ်ခုရှိ၏။ အဲ့ဒီအိမ်တော်မှာ ဘယ်သူမှမနေကြဘူး။ အဲ့ဒီအိမ်တော်ကို သိုင်းပညာလေ့ကျင့်ဖို့အတွက်ပဲ သုံးကြတယ်။

ဆရာ သူမကို သိုင်းပညာသင်ပေးမယ်လို့ ပြောလိုက်တဲ့အချိန်ကစပြီး သူမတို့ ထိုအိမ်တော်မှာပဲ သင်ခဲ့ကြသည်။ ထိုနေရာကလေထုဟာ သိုင်းလေ့ကျင့်ဖို့အတွက် ပိုကောင်းတယ်လို့ သူပြောလာခဲ့တယ်။ သို့သော် တောင်တက်ခြင်းက သူမအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နှင့်နေပြီ။ သူမ လဝက်ကြာအောင် ကြိုးစားခဲ့ပေမဲ့ တောင်ထိပ်ကိုရောက်တဲ့အကြိမ် တစ်ခါမှမရှိခဲ့ဘူး။ လမ်းတစ်ဝက်လောက်ရောက်တဲ့အချိန်မှာ သူမ မကြာခဏ နှင်းတွေပေါ်မှာ ထိုင်ပြီး မထဖြစ်တော့ဘူး။ ထို့နောက် ဆရာ သူမ၏မျက်နှာကို ဆွဲလိမ်လာလိမ့်မယ်၊ သူမကတော့ သူ့ကို ပြောင်ပြောင်တင်းတင်းပဲ လှမ်းကြည့်နေမိတာ။ နောက်ဆုံးတော့ ဆရာကပဲ သူမကိုကုန်းပိုးပြီး တောင်အောက်ဆီ အမြဲပြန်ခေါ်သွားခဲ့တာ။

တစ်ခေါက်မှာတော့ ဆရာ အရမ်းစိတ်ဆိုးသွားတယ်။ သူမကို သူ ခပ်ပြင်းပြင်းဆွဲလိမ်ပြီး ပြောလာခဲ့သည်၊ “မင်း ဒါကို တမင်သက်သက် လုပ်နေတာမဟုတ်လား?! ဟွန်း ဒါက မင်းကိုသင်ကြားခြင်းလား၊ ဒါမှမဟုတ် ငါ့ကိုသင်ကြားခြင်းလား?! ဒီနေ့ ငါ မင်းကို ကုန်းမပိုးတော့ဘူး၊ မင်း တောင်အောက်ကိုဆင်းနိုင်ရင်လည်း ဆင်းတော့၊ မင်း မဆင်းနိုင်တော့ဘူးဆိုရင်လည်း ဒီမှာပဲ ဆက်ထိုင်နေလိုက်တော့!”

ထိုသို့ပြောပြီးနောက် သူ ထွက်ခွာသွားခဲ့သည်။ သူမ နေ့လည်ခင်းကနေ ညနေခင်းရောက်တဲ့အချိန်ထိ နာခံစွာနဲ့ ထိုနေရာမှာပဲ ထိုင်နေခဲ့တာ။ ထို့နောက် သူမ တောင်ထိပ်ပေါ်မှာ လမင်းကြီး မြှင့်တက်လာတာကို တွေ့လိုက်ရသည်။

သူမ ဆာလောင်လာပြီး ခြေထောက်တွေလည်း ထုံထိုင်းသွားတယ်။ လမင်းကြီးက တစ်စင်းကနေ နှစ်စင်း၊ ထို့နောက် သုံးစင်းအဖြစ်ပြောင်းလဲသွားပြီး နောက်ဆုံးတော့ တောက်ပတဲ့အလင်းရောင်တစ်ချို့နဲ့အတူ ယိမ်းခါသွားတော့သည်။ သူမ အိပ်ချင်လာလို့ မျက်လုံးတွေကိုမှိတ်ချပစ်လိုက်တယ်။ သူမ လှဲချလိုက်တော့မယ့်အချိန်မှာပဲ တစ်စုံတစ်ယောက်က သူမကို ဆွဲထူလာခဲ့သည်။

Love you seven times မြန်မာဘာသာပြန်စဆုံးМесто, где живут истории. Откройте их для себя