၁၀၄။ လူသတ်မှု

4.2K 631 22
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - NC, Edge

၁၀၄။ လူသတ်မှု

နောက်ဆုံးတော့ ရက်ပိုင်း သတ္တပတ်အကြာမှာ ကျင်းမိသားစုဘက်က တင်းမြို့တော်သို့ ပေါက်ချလာတော့သည်။

စူးကျိုးမှ မျိုးရိုးနိမ့် မိသားစုကလေး ဖြစ်သောကြောင့် ကျင်းမိသားစုမှာ လူညံ့လူယုတ်တို့၏ ကိုယ်နှုတ် အမူအရာများ ကျင်လည်စွာ တတ်မြောက်ထားကြလေသည်။ ကျင်းမိသားစုမှ အိမ်ထောင်ဦးစီး လင်နှင့် မယားတို့သည် ကျင်းချူးချူးနှင့် ရှန်ယွမ်၏ ကိစ္စကို သိလျှင်သိချင်း မိမိတို့ သမီး ဘဝနာရပုံကို ငိုချင်းချကြတော့၏။ ထို့နောက် တစ်ဆက်တည်း သောင်းကြမ်းကြပြီး ရှန်ယွမ်ဘက်က ကျေနပ်လောက်စရာ မဖြေရှင်းပေးလျှင် ရုံးတော်တရားရေးသို့ တိုင်မည် တန်းမည် ဆိုကြလေ၏။ စေ့စပ်ကြောင်းလမ်း၍ လက်ထပ်ပါမည်ဟု ကတိပြုသည်ကိုပင် လက်မခံ။ အပေါ်ယံအားဖြင့် ထိုကဲ့သို့ ပြုမူနေသော်လည်း ကျင်းလင်မယားတို့ အညှာကို ကိုင်၍ အပါးဝနေကြမှန်း လူတိုင်းက နားလည်ကြသည်။ သူတို့က ပါးနပ်ကျင်လည်စွာဖြင့် ရှန်ယွမ်သည် ကျင်းချူးချူးကို လိုလိုလားလား လက်ထပ်ယူလို၍ ကြံသည်ဟူသော ပုံစံမျိုးဖြစ်အောင် ဇာတ်ကြောင်းကို ပြောင်းလဲနေကြခြင်းပင်။

ဒီပုတ်ထဲမှ လာလျှင် ဒီပဲသာဖြစ်တော့သည်။ ရှန်လောင်ဖူးရန်မှာ ရှန်အိမ်တော်အတွင်း နေထိုင်စဉ် နှစ်ပေါင်းများစွာ ကြာအောင် ကျိုးကြောင်း ဆင်ခြင်မှုမဲ့စွာ ပြုမူ​ကျင့်ကြံနေထိုင်ခဲ့သည်။ ယခု သူမ ဆွေမျိုးများ၏ နိုင်ထက်စီးနင်းပြုမှုသည်ကား သူမစရိုက်နှင့် မခြား၊ အတူတူနှင့် အနူနူသာ ဖြစ်ချေသည်။ အားပြိုင်မှု ခေတ္တခဏမျှဖြစ်ကြပြီးနောက် သူမ အရေးနိမ့်သွားခဲ့ပြီး ကျင်းချူးချူးကို အိမ်တော်အတွင်းသို့ လူရှစ်ယောက်ထမ်းသော မင်္ဂလာဝေါယာဉ်ဖြင့် သယ်ဆောင်သွင်း၍ ငွေကြေးတန်ဖိုးမြောက်များစွာဖြင့် တင်တောင်းမည့်အကြောင်း ကတိပြုလိုက်ရလေသည်။

ရှန်လောင်ဖူးရန်မှာ ကြက်ဟင်းခါးသီးကို ဝါးလိုက်ရသော်လည်း ခါးသီးရကြောင်း မဆိုသာဘိသကဲ့သို့ နေ့စဉ်နေ့တိုင်း ကျင်းမျိုးနွယ် မောင်နှံနှစ်ဦး၏ မျက်နှာကို မမြင်ချင်သော်လည်း မြင်နေရ၏။ ထိုအခြင်းအရာကြောင့် သူမ စိတ်တိုရလွန်း၍ မျက်ခမ်းလှုပ်ကာ နှုတ်ခမ်းများ ဆတ်ဆတ်တုန်ရလေသည်။ သူမမှာ သွေးတိုးရလွန်း၍ လေဖြန်းလုလု။ ဒေါသရေချိန်အထွတ်အထိပ်ရောက်လာသောအခါတွင်တော့ သူမ ရုန်ကျင်းထန်တွင်သာ အောင်းနေပြီး မည်သူ့ကိုမျှ အတွေ့မခံတော့ပေ။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now