၁၁၄။ မသေးသော အမုန်း

4.1K 541 21
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause/ Edge

၁၁၄။ မသေးသော အမုန်း

"အာ့" ဆုမင်ဖုန်း အော်လိုက်တော့လေသည်။ "မင်း ဘာအတွက်ကြောင့် ငါ့ကို ကန်တာလဲကွ၊ ငါလည်း သူ့ကို သတိပေးဦးမလို့ပါပဲ၊ သူက ဒီလောက်မြန်မြန်ကြီး သောက်ချလိုက်တာကိုး၊ ငါ ဘယ်တတ်နိုင်ပါ့မလဲ" ဆုမင်ဖုန်း ရှဲ့ကျင်းရှင်းကို စေ့စေ့ ပြန်ကြည့်လိုက်တော့လေသည်။ "ကုန်ကုန် ပြောရရင် နစ်နာသွားတာက ရှန်မိန်းကလေးလေ၊ မင်းမှ မဟုတ်တာ မင်းက ဘာတွေ သဲနေတာတုန်း"

ရှဲ့ကျင်းရှင်း သူ့အပြောကို လျစ်လျူရှုထားပြီး စားပွဲမှာ ဝင်ထိုင်လိုက်ကာသာ တည်တည် မေးလိုက်တော့သည်။ "သူ ပြောသွားတဲ့ စစ်မြင်းကိစ္စက အမှန်ပဲလား"

ထိုအမေးကို ကြားသောအခါ ဆုမင်ဖုန်း မျက်နှာက ရှုံ့မဲ့သွားပြီး ရှဲ့ကျင်းရှင်း၏ ရှုတည်တည်အကြည့်အောက်မှာပင် ခဲရာခဲဆစ် ပြန်ဖြေလိုက်တော့သည်။ "အမှန်ပဲ"

"မင်း ဘာလို့ ကျုပ်ကို မပြောဘဲ ဖုံးကွယ်ထားတာလဲ" ရှဲ့ကျင်းရှင်း ဖိမေးလိုက်တော့၏။ ဆုမင်ဖုန်း ခေါင်းခါလိုက်ကာ ခြောက်ကပ်တိုက် ဆိုသည်။ "ဒီကိစ္စက အရင်က အဖေနဲ့ ငါနဲ့ နှစ်ကိုယ်တည်း တိုင်ပင် ဆုံးဖြတ်ထားတဲ့ အရာပဲ၊ ငါ တခြား ဘယ်သူ့ကိုမှ မပြောထားဘူး၊ ငါ့အဖေဆို ပိုတောင် မပြောဘူး၊ ဒီကိစ္စက ကိုယ့် အရာရှိဦးဆောင်း ပြုတ်သွားနိုင်တဲ့ ကိစ္စဆိုတော့ ဘယ်သူက လွယ်လွယ် ထုတ်ပြောမှာလဲ... ဒီရက်ပိုင်းအတွင်း မင်းကို ပြောပြဖို့တော့ ငါ စဉ်းစားတာပဲ၊ ဒါပေမဲ့... ရှန်သခင်မလေးက ဘယ်လိုများ သိနေတာလဲ မသိဘူး၊ သူတို့ဆီမှာလည်း စစ်မြင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ လူတွေများ ရှိနေတာများလား၊ ဒါပေမဲ့ တကယ့်တကယ် မြင်းကိစ္စမှာ ပတ်သက်နေတဲ့ သူဆိုရင်လည်း ဒါမျိုး ဖွင့်ထုတ်ပြောလာမှာ မဟုတ်ဘူးထင်တယ်"

ရှဲ့ကျင်းရှင်း ဆုမင်ဖုန်းအား ငဲ့စောင်းကြည့်လိုက်လေသည်။ ဆုမင်ဖုန်းမှာ ပါရမီရှိ၍ အရည်အချင်းပြည့်ဝသူဟု ဆိုရနိုင်သော်လည်း ငယ်စဉ်ကတည်းက ဆုအိမ်တော်၏ အပြည့်အဝကာကွယ်မှုကို ခံထားရသောကြောင့် လေဒဏ် လှိုင်းဒဏ်ကို မခံစားရဖူးပေ။ ဆိုရလျှင် ရှန်မြောင်လက်တွင်းမှာမူ အဆုံးမသတ်နိုင်အောင် များပြားလှသည့် ဝှက်ဖဲများ တစ်ချပ်ပြီး တစ်ချပ် ရှိနေခဲ့ပြီး အကြိမ်ရေတိုင်း အခေါက်တိုင်းမှာ ရှဲ့ကျင်းရှင်း အံ့သြသွားရအောင် ဖြစ်စေနိုင်ခဲ့သည်။ ရှဲ့ကျင်းရှင်းက သူမအား 'ပြန်ဆုတ်တော့ရန်' အကြုပြုခဲ့သော်ငြား ရှန်မြောင်က သူ့နည်းလမ်းဗျူဟာအတိုင်း မကျင့်သုံးခဲ့။ ထိုအစား ဆုအိမ်တော်နှင့် အခြားအိမ်တော်များဘက်မှ ပူးပေါင်းပြီး တညီတညွတ်တည်း ရှန်ရှင်းအား ပြစ်တင်ရှုံ့ချ စွပ်စွဲလိုက်စေသည်။ ဤသည်မှာ လုံးဝ ဆန့်ကျင်ဘက်လားရာဖြစ်နေသော်လည်း ရှန်ရှင်း၏ လတ်တလော အခက်အခဲမှ ချက်ချင်း လွတ်မြောက်သွားစေနိုင်စွမ်းရှိသော နည်းလမ်းတစ်ခု ဖြစ်နေ၏။ သို့သော် ဘုရင်၏ စိတ်မှာ ခန့်မှန်းရခက်သော အရာဖြစ်၍ ယခုတစ်ခေါက်၌ ရှန်ရှင်း လွတ်မြောက်လာသည့်အခါ ရှန်အိမ်တော်၏ စစ်အင်အားမှာ ကြီးမားတောင့်တင်းဆဲ ဖြစ်နေနိုင်ရာ တစ်နေ့နေ့ တစ်ချိန်ချိန်တွင်တော့ မျက်စိစပါးမွှေးစူးစရာ ဖြစ်လာတော့ပေမည်။ တစ်ကြိမ်တစ်ခါ ရှောင်လွှဲ၍ ရပေသော်လည်း တစ်သက်လုံးတော့ ရှောင်၍ မရနိုင်ချေ။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now