🔴EP 4⚪

149 22 87
                                    

မင် ဘုရင်သည် မဟူရာတမျှ နက်မှောင်ပြောင်လက်နေသော အမွှေးအမြှင်များကို ပိုင်ဆိုင်ထားသည့် အချစ်တော် မြင်းကြီးအား အရှိန်အဟုန်ပြင်းစွာ ပြေးလွှားစေပြီး မင်တိုင်းပြည် အစွန်အဖျားရှိ တောအုပ်ကြီးထဲသို့ တစ်ဦးတည်း ခရီးနှင်လာလေသည်။

ပန်းကနုတ်အရိပ်များကို နေရာလပ်မကျန် ထိုးချုပ်ပုံဖော်ထားသည့် အမည်းရောင် ပိုးသားဝတ်ရုံကို သက်တောင့်သက်သာ ဝတ်ဆင်လာခဲ့ပြီး သံမဏိဖြင့် လှပသေသပ်စွာ ပြုလုပ်ဖန်တီးထားသည့် မျက်နှာဖုံးတစ်ခုကိုလည်း တပ်ဆင်လာခဲ့သည်။
ဒါ့အပြင် နဂိုရှိရင်းစွဲ ဆံနွယ်ရှည်များကို သေးငယ်သည်အထိ ထုံးကျစ်လျှိုသွင်းပြီး
အပေါ်ကနေ အမည်းရောင် ဆံပင်ရှည်အတုကိုစွပ်၍ လုံခြုံအောင် ဖုံးအုပ်ထားခဲ့သည်။
အကြောင်းမှာ ကိုယ့်ကို တစ်စုံတစ်ဦးက
တွေ့ရှိခဲ့လျင် ဘုရင်ဖြစ်မှန်း မသိစေလို၍ ရုပ်ဖျက်ထားခဲ့ခြင်းဖြစ်သည်။

နန်းတော်တွင်း နေထိုင်ရှင်သန်ရတာကို ငြီးငွေ့၍ စိတ်မွန်းကျပ်လာသည့်အခါတိုင်း ဘုရင့်အဆောင်အယောင်များ မဆင်မြန်းဘဲ သာမန်အမျိုးသားတစ်ယောက်လို ဝတ်ဆင်ကာ ယခုလို မြင်းစီးထွက်မြဲ ဖြစ်သည်။

မင် ဘုရင်သည် အချစ်တော် မြင်းကြီးအား အရှိန်အဟုန်ပြင်းစွာ စီးနှင်နေရင်းနဲ့မှ
သစ်တောတစ်နေရာသို့ ရောက်သည့်အခါ
ဇာက်ကြိုးကို နောက်ပြန်ဆောင့်ဆွဲပြီး မြင်းကို ရပ်တန့်စေလိုက်သည်။

နွေဦးရာသီ၏ နေ့ခင်းအချိန်အခါဖြစ်တာကြောင့် မပူလွန်း၊ မအေးလွန်းသော လေထုအထိအတွေ့ဖြင့် နေထိုင်ရတာ သက်တောင့်သက်သာရှိပြီး စိတ်လက် ပေါ့ပါးလန်းဆန်းစေသည်။
နန်းမြို့ရိုး အမြင့်ထပ် နှစ်ဆနီးပါး ပိုရှည်သည့် ကြီးမားလွန်းသော သစ်ပင်များမှ ဖြာထွက်နေသည့် သစ်ကိုင်းအခက်အလက်များ၊ သစ်ရွက်များသည် ပြည့်ကျပ်အုပ်စိုင်းနေပြီး သစ်ရွက်များကြားမှ ထိုးထွင်းဖြာကျနေသည့် နေရောင်ခြည်အလင်းတန်းများက ဇကာပေါက်သဖွယ် ဟိုတစ်ကွက် ဒီတစ်ကွက် ရှိနေသည်။

မြေပြင်အနီးတစ်ဝိုက်တွင်လည်း မြေကပ်မြက်ပင်လေးများ နေရာလပ်မကျန် ပေါက်ရောက်နေပြီး သေးနုတ်သော အဖြူရောင်၊ ခရမ်းရောင် ပန်းပွင့်လေးများက
ဥယာဥ်မှူးတစ်ယောက် ပြုစုစိုက်ပျိုးထားသည့် ပန်းခင်းကြီးနှယ် ပြည့်စုံလှပနေလေသည်။

🔴 နေချစ်သော လ ⚪  Where stories live. Discover now