🔴EP 22⚪

101 20 12
                                    

" လူစုံပြီနော်.. "

" ဟုတ်ကဲ့.... "

" ဒါဆို ထွက်ကြမယ် "

ဘက်စ်ပေါ်မှာ trainee တွေ စုံလင်တာနဲ့ ကားဒါရိုင်ဘာက
ယာဥ်မောင်းထိုင်ခုံမှာ ဝင်ထိုင်ပြီး ဂီယာထိုး၊ စီယာတိုင်လှည့်ကာ ကားဘီးကို ဖြည်းဖြည်းချင်းလှိမ့်၍ ကမ်းခြေ ကားရပ်နားစခန်းကနေ စတင်မောင်းနှင် ထွက်ခွာလာတော့သည်။

trainee တွေ လိုက်ပါလာသည့် ဘက်စ်ကားရဲ့နောက်တွင် Hit agency ၏ ဝန်ထမ်းများ လိုက်ပါလာသော နောက်ထပ် ဘက်စ်ကား နှစ်စီးရှိပြီး စတိတ်စင် ဆောက်လုပ်ပြင်ဆင်ရေးပိုင်းနှင့် ပတ်သက်သော ပစ္စည်းကရိယာများကို သယ်ယူတင်ဆောင်လာသည့် ကွန်တိန်နာကားကြီး ငါးစီးကတော့ ထိုဘက်စ်ကားတွေရဲ့ နောက်ဆုံးကနေ ခပ်ဖြည်းဖြည်းချင်း မောင်းနှင်လိုက်ပါလာလေသည်။

ဘက်စ်ကားရဲ့ ပြတင်းပေါက်ဘက်ခြမ်းမှာ ထိုင်နေသည့် ဂျီမင်ကတော့ ပြတင်းပေါက် မှန်တံခါးကို ခပ်ကျင်းကျင်း ဖွင့်ဟလျက် trainee တွေရဲ့ဘက်စ်ကားရှေ့ကနေ ဦးဆောင် ထွက်ခွာသွားသည့် ကိုယ်ပိုင်ကားသုံးစီးကို ခေါင်းပြူကာ လှမ်းကြည့်နေမိသည်။

ရှေ့ဆုံးက ဥက္ကဋ္ဌနှစ်ယောက်ရဲ့ကား။
ဒုတိယက ပတ်ရှင်ဟေးရဲ့ကား။
နောက်ဆုံးကတော့ မင်ယွန်ဂီ....။

ထိုကားသုံးစီးလုံး ကားရပ်နားစခန်းကနေ အဓိက ကားလမ်းမကြီးပေါ်ကိုရောက်ချိန်မှာတော့ အရှိန်ပိုတင်ကာ မောင်းထွက်သွား၍ ဂျီမင်လည်း ဆက်မကြည့်တော့ဘဲ ပြတင်းတံခါးကို ပြန်စေ့ပိတ်လိုက်သည်။

သူ... ညက ငါ့ကိုအခန်းထဲထိ လိုက်ပို့ပေးခဲ့တာလား...
ငါကရော ဘာဖြစ်လို့ အိပ်ပျော်သွားခဲ့တာလဲ....
သူ အိပ်ခန်းထဲ လိုက်ပို့တာတောင် မသိရတဲ့အထိ တော်တော်အိပ်မောကျသွားခဲ့တာလား...
သူ ငါအိပ်နေတဲ့အချိန် ဘာမှတော့မလုပ်လောက်ပါဘူးနော်...

ဂျီမင် ပေါက်ကရအတွေးတွေကို ခေါင်းခါကာ ရှင်းထုတ်လိုက်သည်။
အကယ်၍ တစ်ခုခုလုပ်ခဲ့ရင်တောင် မသိရလောက်တဲ့အထိ ဂျီမင်က အိပ်ပုတ်ကြီးတဲ့သူမှ မဟုတ်တာ။
သတိရှိရှိ အိပ်တတ်လွန်းလို့ ညတုန်းက ခြုံထားတဲ့ ယွန်ဂီ့ကုတ်အင်္ကျီတောင် မနက်နိုးလာတဲ့အထိ ဂျီမင့်လက်ထဲမှာ ဆုပ်ကိုင်လျက်သား ဖြစ်နေခဲ့တာပေါ့။
အဲ့ဒီလူ သူ့ကုတ်အင်္ကျီကို ပြန်ယူဖို့ ကြိုးစားခဲ့ သေးလား..၊
ဒါမှမဟုတ် ဂျီမင် နိုးသွားမှာဆိုးလို့ ဒီအတိုင်းပဲ ထားခဲ့တာလားတော့ မသိပါ။
ဂျီမင်ကတော့ သူ့အင်္ကျီကို ယူထားမိလို့ တကူးတက ပြန်လျှော်ပေးရတော့မယ်မဟုတ်လား...။

🔴 နေချစ်သော လ ⚪  Where stories live. Discover now