ထယ်မင် ထွက်သွားပြီး မိနစ်အနည်းငယ်ကြာတော့ ပတ်ရှင်ဟေးလည်း စားသောက်ဆိုင် ထဲကနေ ပြန်ထွက်လာပြီး အပြင်လမ်းမမှာ ရပ်ထားခဲ့သည့် ကားဆီ လျှောက်သွားလိုက်သည်။
ထို့နောက် ကားသော့ remote ကိုနှိပ်ပြီး ကားတံခါးဆွဲဖွင့်လိုက်ချိန် ဝုန်းခနဲ အသံကြီး ထွက်လာတော့ ရုတ်တရက်လန့်ပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
လမ်းသွားလမ်းလာတွေကလည်း မျက်လုံးများပြူးကြောင်သွားကာ ရောက်တဲ့နေရာမှာတင် ရပ်ပြီး
"ဘယ်ကပေါက်ကွဲသံထွက်လာတာလဲ" လို့ ရေရွတ်ရင်း နေရာအနှံ့ လိုက်ကြည့်နေကြသည်။ထိုအချိန်မှာ အမျိုးသားတစ်ယောက်က "ဟိုမှာ မီးခိုးတွေ" ဆိုပြီး လက်ညိုးထိုးလိုက်တော့ လူတွေအကုန်လုံး ထိုအမျိုးသား ညွှန်ပြသည့်နေရာကို ကမန်းကတမ်း လိုက်မော့ကြည့်ကြသည်။
ပတ်ရှင်ဟေးလည်း အားလုံးနည်းတူ လိုက်ကြည့်ရင်း တလိပ်လိပ် ကြွတက်လာသည့် မီးခိုးငွေ့တွေကိုမြင်တော့ ရင်ဘက်ကို လက်နဲ့ဖိထားလိုက်မိသည်။
ထိုပေါက်ကွဲသံထွက်လာသည့်နေရာက ပတ်ရှင်ဟေး ရှိနေသည့် နေရာနဲ့ဆိုရင် ငါးလမ်းလောက်ခြားပါသည်။
ဒီလောက်အသံအကျယ်ကြီးမြည်ပြီး များပြားလှတဲ့ မီးခိုးတွေ ထွက်လာပုံထောက်ရင် ဘယ်နေရာက ဘာကြောင့်များ ပေါက်ကွဲသွားတာဖြစ်မလဲ.....။အဲ့နေရာမှာ ရှိတဲ့လူတွေ ဘာမှမဖြစ်ပါစေနဲ့လေ....။
••••••••••••••••••••••
" ရှေ့မှာ လမ်းပိတ်နေပြီ.. မီးသတ်ကားတွေနဲ့.. "
taxi သမားဦးလေးကြီးရဲ့အပြောကြောင့် နောက်ခန်းမှာထိုင်နေသည့် ထယ်မင်က ကားရှေ့ကို ကုန်းကြည့်တာ အားမရတော့ မှန်တံခါးချပြီး ဘေးကနေ ခေါင်းပြူကြည့်လိုက်သည်။
မီးညွန့်မီးလျှံတွေ တဟုန်းဟုန်း တောက်လောင်နေသည့် နေရာဆီကို မီးသတ်ကားတွေက တဝီဝီအချက်ပေးရင်း မောင်းလာကြပြီး ရှေ့ဆင့်နောက်ဆင့် ရပ်တန့်လိုက်ကြသည်။
မီးသတ်ကားတွေကြောင့် တခြားကားတွေလည်း ရှေ့ဆက်သွားလို့မရတော့ဘဲ နေရာမှာတင် ရပ်တန့်ကာ ကားလမ်းတကြောလုံး ပြည့်ကြပ်ပိတ်ဆို့သွားတော့သည်။
တချို့လူတွေကလည်း ကားထဲကထွက်ပြီး မီးလောင်နေသည့်နေရာကို စပ်စုကြည့်ရှုနေကြသည်။
YOU ARE READING
🔴 နေချစ်သော လ ⚪