Pᴀʀᴛ 1

2.9K 130 16
                                    

နွေဦးလေရူးနှင့်အတူ အဖြူရောင်မိုးသားတိမ်တွေကူးခတ်တဲ့ကောင်းကင်ကျယ်ကြီးဟာပြာလဲ့လွန်းသည်။အလုပ်သွားတာကလွဲထူးထူးခြားခြားရှိမနေတဲ့သူ့အတွက်ဒီလိုပြင်ပြင်ဆင်ဆင်နှင့်သီးသန့်မထွက်ဖြစ်တာတောင်ဘယ်လောက်ရှိခဲ့ပြီလဲမသိ။ပြောရရင်သူရဲ့ကျောင်းနေဖက်သူငယ်ချင်း...။အင်း ...သူငယ်ချင်းလို့ပြောရမယ့်ထိုသူငယ်ချင်းရဲ့လူပျိုနောက်ဆုံးနေ့ကိုသာကျေးဇူးတင်ရမည်ထင်သည်။

ဟိုတယ်ရှေ့အရောက်မှာ 'ကျွီ' ခနဲရပ်တဲ့တက္ကစီကားလေးဟာအနည်းငယ်တန်းစီလိုက်ရသေးသည်။ဝတ်ကောင်းစားလှတွေနဲ့ အလျှိုလျှိုဝင်နေသူ‌အချို့မှာအပြုံးတွေအပြည့်နဲ့စကားတပြောပြော။မျက်မှန်းတန်းမိတဲ့သူအများစုဟာရင်းနှီးသလိုလိုရှိပေမဲ့ ထိုသို့လည်းဟုတ်ပုံမရ။ပြုံးပြလာတဲ့သူတွေကတော့သူ့ကိုသိကြလောက်တယ်ဆိုတဲ့အချက်ကြောင့်သာ အားနာစိတ်ကလေးရင်ထဲသိမ်းရင်းပြန်လည်အပြုံးဖလှယ်ရသည်။

အဖြူရောင်ခန်းမကြီးဟာ မီးဆိုင်းတွေနဲ့လင်းထိန်နေသလိုပန်းဖြူဖြူတွေနဲ့လည်းအလှဆင်ထားသေးသည်။ပွဲမစသေးတာမို့ နေရာယူတဲ့သူယူနှင့်ကြသလို မထိုင်သေးပဲမတ်တပ်ရပ်ကာစကား‌ဖောင်ဖွဲ့နေကြသူများလည်းရှိသည်။

လက်ထပ်ပွဲ...

ဒီလိုပွဲမျိုးမှာလူတိုင်းဟာပျော်ရွှင်နေကြလိမ့်မည်။ကြည်နူးမှုခံစားရတဲ့မိဘတွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားနေမဲ့သတို့သားနှင့်သတို့သမီးလည်းရှိမည်။ဝမ်းသာပေးကြတဲ့ဧည့်ပရိသတ်တွေရောပေါ့။သူသည်လည်းအပါအဝင်ဖြစ်ပေမဲ့ ဘာအကြောင်းကြောင့်ရယ်မသိပဲစိတ်ထင့်နေမိတယ်ဆိုထူးဆန်းနေလောက်မလား...။

ဝင်ထိုင်‌မိတဲ့ဝိုင်းတစ်ဝိုင်းမှာ လူကြီးနှစ်ယောက်ကလွဲလို့တခြားသူသိတဲ့လူလည်းရှိမနေပါ။အမှန်အတိုင်းပြောရရင်ဒီပွဲမှာသူရင်းနှီးတာဆိုလို့ သတို့သားတစ်ယောက်တည်းသာ...။သတို့သမီးတောင်မှအမည်နာမကြားဖူးရုံ။

သို့ပေတိ ပြုံးပြသူတွေကလည်းသူ့ကိုပြုံးပြကြဆဲ။တကယ်က သူရဲ့မကောင်းတဲ့အချက်လေးတစ်ချက်ကြောင့်ဒီလိုဖြစ်နေရခြင်း။ငယ်ငယ်က ထူးချွန်တယ်လို့ပြောကြတဲ့သူ့ရဲ့မှတ်ဉာဏ်လေးဟာပညာရေးပိုင်းမှာသာအသုံးကျပုံရသည်။လူတွေရဲ့နာမည်ကိုမှတ်မိခြင်း ဒါမှမဟုတ် နာမည်နှင့်လူကိုကိုက်ညီအောင်သိရှိခြင်းဆိုတဲ့နေရာမှာတော့ တော်တော်‌လေးဆိုးဝါးရှာ၏။

𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓Where stories live. Discover now