ဒေါက်ဖိနပ်ချွန်ချွန်ရဲ့ ခြေသံဟာလျှောက်လမ်းတစ်လျှောက်စည်းချက်ညီညီပျံ့နှံလာသည့်အလျောက်အလျင်စလိုလည်းနိုင်သည်။စိုးရိမ်ပူပန်မှုမီးက ရင်မှာဟုန်းဟုန်းတောက်ရှာတော့သူမမှာစိတ်ရောကိုယ်ပါမောမှန်းမသိမောနေရသည်။စာသင်ခန်းတစ်ခန်းစီကိုဖြတ်လျှောက်လိုက်တိုင်း အာရုံလွှဲလာရာအကြည့်မြှားတွေဟာသူမဆီကို ကပ်တွယ်ပါလာတတ်တာလည်းရှိသည်။
'ဆရာများ ရုံးခန်း'လို့ချိတ်ဆွဲထားတဲ့ကတ်ပြားလေးကိုလှမ်းမြင်လိုက်ရလျှင် သူမမှာပိုမိုစိတ်နှလုံးလေးလံလာသည်။အပေါက်ဝနားနီးကပ်လာသည်နှင့် သူမလာသည်ကိုစောင့်မျှော်နေကြသလိုမျိုးဆရာတစ်ချို့ကအသံကြားသည့်ဟန်ဖြင့် ခေါင်းထောင်လာကြသည်။အထူးသဖြင့် သူမကိုမြင်လိုက်ရမှစိတ်အေးသွားသလိုထရပ်လိုက်တဲ့ အတန်းပိုင်ဆရာမပင်။
သူမကို ကျောင်းဆီရောက်လာစေရသည့်တရားခံကားနည်းနည်းလေးမှမလှုပ်။ကျောပေးထားတဲ့ထိုင်နေတဲ့သဏ္ဍာန်ကိုမြင်သည်နှင့်သူမမှာ သက်ပြင်းမောရှိုက်ရကာအနားကိုခပ်သွက်သွက်လှမ်းမိလေသည်။
"ဂျယ်ယွန်းတို့အမေ ရောက်လာပါပြီလား"
ဆရာမကဆီးကြိုမေးလိုက်ပေမဲ့ သူမမှာထိုင်နေတဲ့သားဖြစ်သူကိုကြည့်ကာသာ ခေါင်းငြိမ့်မိသည်။ပြန်လည်းမကြည့်၊နည်းနည်းလေးမှအသံမပြုတဲ့ ဂျယ်ယွန်းကအတန်းပိုင်ဆရာမရဲ့စားပွဲပေါ်ကိုသာငြိမ်သက်လို့စိုက်ကြည့်နေသည်။စိတ်အာရုံကတော့ သေချာပေါက်ကိုယ်၌ရှိမနေ။
'ဂျယ်ယွန်း ရန်ဖြစ်လို့ပါ' ဆိုတဲ့တိုင်ကြားမှုနှင့် သူမမှာပူပန်စိတ်သောကများကာရောက်လာရပေမဲ့ အခုတော့ဘာဒဏ်ရာဒဏ်ချက်မှလည်းမတွေ့ရ။ရှာဖွေကြည့်မိလို့ မြင်ရတဲ့နီရဲချင်တဲ့ညာဘက်လက်ဆစ်တွေကလွဲလျှင်အကုန်အကောင်းတိုင်းမို့ သူမသားကသာထိုးနှက်လိုက်ကြောင်းအသိပေါက်လိုက်ရပြီ။ဒါ့ထက် သူမသားလုပ်လိုက်သည့်ကျောင်းသားကိုလည်း ခုဒီမှာမတွေ့ရချေ။
သားဖြစ်သူဒဏ်ရာမရှိလို့ အေးသာသွားတဲ့စိတ်ကလေးဟာတခဏမျှ။ထပ်၍ပူပန်ရသည်မှာ တဖက်ကျောင်းသားဘယ်လောက်တောင်ထိခိုက်သွားသည်လဲ...။သူမမှာသက်ပြင်းရှိုက်ဖို့တောင် စိတ်ပင်ပန်းလာရသည်။
YOU ARE READING
𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓
Fanfiction[𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 × 𝚂𝚒𝚖 𝙹𝚊𝚎𝚢𝚞𝚗] 𝚖𝚊𝚢𝚋𝚎, 𝚠𝚑𝚎𝚗 𝚠𝚎'𝚛𝚎 𝚛𝚎𝚊𝚍𝚢, 𝚠𝚎'𝚕𝚕 𝚖𝚎𝚎𝚝 𝚊𝚐𝚊𝚒𝚗.