Iɴᴠɪsɪʙʟᴇ Sᴛʀɪɴɢ

304 35 18
                                    

"ဒီနေ့ ကောင်းကင်ကြီးကလည်းမှိုင်မှိုင်ကြီး"

"မှိုင်မှိုင်ကြီးက ဘာတုန်းနင့်ဟာက"

ကျောင်းဆင်းချိန်အတန်းလွှတ်သည်နှင့် တကျီကျီဆူညံလာတဲ့ထဲမှာမှ ဆောင်ဟွန်းရဲ့မလှမ်းမကမ်းနားမှကျောင်းသူလေးကပြတင်းအပြင်ကိုလှမ်းကြည့်ပြောသည်နှင့်သူမသူငယ်ချင်းကရယ်သည်။ဆောင်ဟွန်းကိုယ်တိုင်လည်း စာအုပ်‌‌တွေလွယ်အိတ်ထဲထည့်သိမ်းရင်းနှင့် ထပ်တူလိုက်ကြည့်လိုက်သည်။တကယ်လည်း မှိုင်ရီရီ။မဲမှောင်ချင်သည်မဟုတ်သော်ငြား ဖြူကြည်ပြာလဲ့ခြင်းလည်းမရှိ။တိမ်လုံးမို့မို့တွေက ထူထပ်ကာ နေကိုလည်းရှာမတွေ့။

"ဪ အုံ့မှိုင်းနေတာလည်းမဟုတ်၊နေလည်းသာမနေဘူးလို့ပြောတာ၊မိုးရွာမှာလားမသိဘူး၊ဒါပေမဲ့မိုးရွာမယ်‌ဆိုလည်းဒီလိုမဟုတ်ပါဘူး"

"နင်ကမိုးလေဝသဌာနကမလို့လား၊ဟာ ဘာနေနေမြန်မြန်ပြန်ရအောင်၊ငါ့မှာထီးမပါလာဘူး၊နင်ပြောလို့ မိုးတကယ်ရွာနေမှ"

"ငါနဲ့ဘာဆိုင်လို့တုန်း"

လို့ဆိုကာ အနှီသူငယ်ချင်းနှစ်ယောက်သားတတွတ်တွတ်စကားများလို့ထွက်သွားကြတာနဲ့ ဆောင်ဟွန်းလည်းလွယ်အိတ်အမြန်ကောက်လွယ်လိုက်သည်။တကယ်လည်း မိုးရွာမယ်လို့ထင်ရသည်။ထီးလည်းမပါ။

"ဆောင်ဟွန်း!"

သူကြားလောက်အောင်သာအသံနိမ့်ကာ လှမ်းအော်ခေါ်လာတဲ့အတန်းဝကကျောင်းသားကတော့ အချိန်မှန်ပါသည်။လောလောလတ်လတ်ကမှသူ့လက်ချက်ဖြင့်ညှပ်လိုက်ရသည့် ဆံပင်တိုစစကိုမြင်တိုင်းဆောင်ဟွန်းမပြုံးမိပဲမနေနိုင်။ခပ်သွက်သွက် လှမ်းသွားလိုက်ကာအတူယှဉ်လျှောက်သည်နှင့်ခံစားရတဲ့ကိုယ်ငွေ့မှာ အသားကျသည်မှန်လည်းမရိုးသွား။မထိတထိဖြစ်သွားတတ်တဲ့ ပုခုံးနှစ်ခုရဲ့တစ်စွန်းတစ်စသက်ရောက်မှုကသူ့နှလုံးအိမ်ကိုတလှပ်လှပ်ဖြစ်‌စေသည်။နောက် ငြိမ်းချမ်းသည်။တသိမ့်သိမ့်ရှိ၏။

ဘယ်တော့မှမပြောပြဖြစ်လောက်မယ့် အချိန်တွေကိုတစ်နေရာမှာပဲရပ်‌တန့်နေစေချင်တဲ့အခိုက်အတန့်တွေထဲကတစ်ခုပေါ့...

𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓Where stories live. Discover now