ကိုယ့်အသက်မို့ မဝေးချင်ပါ
အပိုင်း၃၅
"မာမီရေ ဆူးခက်ပြန်ရောက်ပြီ "
ဆူးခက် ကားသော့လေးလှည့်ကာ အိမ်ထဲဝင်လာရင်း ဧည့်ခန်းထဲထိုင်နေသော
မာမီ့အား ပြောလိုက်သည် ။
မာမီက တစ်ခုခုရေးဆွဲနေရာမှ
မော့ကြည့်လာ၏။"သမီးလေး လာထိုင် "
သူရေးဆွဲနေတဲ့ စာရွက်တွေကို မှောက်ကာ
မာမီက ဆူးခက်ကိုလှမ်းခေါ်သည် ။
ဆူးခက် ပိုက်ဆံအိတ်နဲ့ကားသော့ကို စားပွဲပေါ်တင်ကာ
မာမီ့ဘေးဝင်ထိုင်လိုက်သည် ။
ဆူးခက်အား အပြုံးလေးနဲ့ကြည့်နေသော မာမီ့ပါးကို အားရပါးရနမ်းချလိုက်သည် ။"အား မာမီ့ပါးလေးက အရမ်းနမ်းလို့ကောင်းတာဘဲ အဲဒါကြောင့်ဒယ်ဒီက တောက်လျှောက်နမ်းနေတာနေမှာ "
"အို ပေါက်ပေါက်ရှာရှာ သမီးရယ်
ဘယ်လိုလဲ သွားကြိုတာရော
အဆင်ပြေခဲ့ရလား သမီး""ဟီး ပြေတာပေါ့ မာမီရဲ့ "
သာမန်ထက် ပြုံးရွှင်ပြီးတက်ကြွနေသော
သမီးကြောင့် ဒေါ်နွယ်နီခက် မျက်ခုံးပင့်မိသည် ။
မနက်ကလည်း ရွာက သူ့ကိုကြီးလာမှာ ဆိုပြီး တစ်ခါမှစောစောမထဖူးတဲ့ သမီးက
အစောကြီး ပြင်ဆင်ကာ ထွက်သွားသည် ။
အခုပြန်လာတော့လည်း ပြုံးလို့ရွှင်လို့၊
ဒေါ်နွယ်နီခက် သမီးပုံစံကိုကြည့်ကာ ပြုံးမိသည် ။"သူတို့တည်းတော့ရော
ဘယ်မှာတည်းကြလဲသမီး ""သူငယ်ချင်းအိမ်မှာလို့တော့ ပြောတယ်မာမီရဲ့ "
ဆူးခက် မာမီ့ရင်ခွင်ထဲ ကလေးလိုတိုးဝင်ကာ ဖြေတော့ မာမီက ဆူးခက်ဆံပင်လေးတွေကို ဖွဖွသပ်ပေးသည် ။
"နေရာက အဆင်ရောပြေရဲ့လားသမီးရယ်
မာမီ့တို့အိမ်မှာလာနေပါဆိုတော့လည်း မလာဘူး "ထိုစကားကြောင့် မာမီ့ရင်ခွင်ထဲက ထွက်ကာ ဆူးခက်ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်သည် ။
နှုတ်ခမ်းကလည်း အလိုမကျစူထွက်လာသည် ။"ဟုတ်တယ် မာမီရယ် ဒီမလာခင်ကတည်းက ဆူးခက်ဖုန်းဆက်ပြီး လာနေဖို့ပြောတာလည်း ကိုကြီးက ခေါင်းချည်းဘဲခါတယ် ၊
ဆူးခက်က စေတနာနဲ့ လွတ်လွတ်လပ်လပ် ကောင်းကောင်းမွန်မွန်နေရအောင်လို့ ခေါ်တဲ့ဟာကို အဲ့ကိုကြီးက
ကြီးကျယ်နေတယ် ဟွန့် "