ကိုယ့်အသက်မို့ မဝေးချင်ပါ
အပိုင်း ၄၆
စွဲညို့ အိမ်ကိုပြန်ရောက်တော့ ညနေ၆နာရီ ၊
တစ်နေကုန် ဆိုင်ကိုရှင်းလင်းရေးလုပ်ရ ၊ဆိုင်ကယ်တွေရောက်လာရင် ထားဖို့ နေရာတွေကို သေချာစီစဉ်ရ၊တခြားဆိုင်ကယ်အပိုပစ္စည်းတွေထားဖို့ အကန့်တွေလုပ်ရနဲ့ ခြေချင်းလိမ်နေရသည်။အတူလိုက်လာတဲ့ သာထူးနဲ့ချမ်းမြေ့မှလည်း မနားရ၊
ပင်ပန်းရကျိုးနပ်စွာ ပြင်ဆင်ပြီးချိန် ဆိုင်လေးက သပ်သပ်ရပ်ရပ်ဖြစ်သွားလို့သာ တော်တော့သည်။"မြေး နောက်ကျလိုက်တာကွယ် "
ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ ဘွားက စွဲညို့ကို မြင်တော့ပြောသည် ။
စွဲညို့ အဘွားဘေးဝင်ထိုင်ကာ ပြုံးပြလိုက်ပြီး"ဟုတ်တယ် အဘွားရယ် ကျွန်တော် ဆိုင်ကိုပြင်နေတာနဲ့ နောက်ကျသွားတယ် "
ဒေါ်စိန်မြက မျက်နှာချို လာသွေးနေတဲ့မြေးကို မျက်စောင်းထိုးလိုက်ပြီး
"မြေး နောက်ကျတာအကြောင်း မဟုတ်ဘူး မနက်က မြေးမဖုန်းဆက်တယ် "
"ဗျာ အသက်လေး ဖုန်းဆက်တယ် ဘာ ဘာပြောသွားသေးလဲဟင် "
မြေးမအကြောင်းပြောလိုက်တာနဲ့ ဖင်တကြွကြွဖြစ်လာတဲ့မြေး ၊
အရင်က အေးအေးလေးနေတတ်တဲ့မြေးကို မြေးမက ဘာတွေလုပ်ထားလို့ ဒီလိုဖြစ်သွားပါလိမ့်"ဆုံးအောင်နားထောင်ပါဦးတော် တကယ်တည်း
အိန္ဒြေကို မရဘူး ဟိုက ဘာမှမပြောသွားဘူး
မင်းမရှိဘူးလို့ ပြောလိုက်တာနဲ့ ချက်ချင်းဖုန်းကိုချသွားတယ် ""ဟာ ဒါဆို ကျွန်တော့်ကို စိတ်ဆိုးသွားတာလား မသိဘူး ဒုက္ခပါဘဲ "
ချက်ချင်း ကြီးကို ငိုမလိုဖြစ်သွားတဲ့မြေးကိုကြည့်ပြီး ဒေါ်စိန်မြလို အဘွားကြီး ဘာမှနားမလည်၊
အိမ်မှာမရှိတာတစ်ခုတည်းနဲ့ မြေးမက ဘာလို့စိတ်ဆိုးရမှာပါလိမ့်၊"ကဲပါ မြေးရယ် အဲဒါ တွေနောက်ထား အခုရေသွားချိုးချေ ပြီးမှ ဖုန်းပြန်ဆက်ကြည့်ပေါ့ မြေးမလေးက စိတ်မဆိုးလောက်ပါဘူး "
သူတို့လူငယ်တွေ အကြောင်းဘာမှသေချာနားမလည်ပေမယ့် ငိုမလိုဖြစ်နေတဲ့ မြေးကြောင့် ပြေလည်ရာပြေလည်ကြောင်းပြောရပြန်သည်။