ကိုယ့်အသက်မို့ မဝေးချင်ပါ
အပိုင်း ၃၂
"မင်းတို့ကလည်း လဲပေးကြပါကွာ "
မျက်နှာချင်းဆိုင်မှာ မိန့်မိန့်ကြီးထိုင်နေကြတဲ့
သာထူးနှင့်ချမ်းမြေ့ကို စွဲညို့ သနားစရာမျက်နှာလေးလုပ်ကာ ပြောနေရသည် ။
ကားကထမင်းစားခဏရပ်တာမို့ စွဲညို့ စိတ်ထဲဒေါသထွက်နေသော်လည်း ထိန်းထားရပါသည် ။
အခုအဓိကက ထိုင်ခုံချင်းလဲရဖို့ပင်"လဲပေးကြစမ်းပါကွာ မင်းတို့ကလည်း စားချင်တာလဲဝယ်ကျွေးထားရသေးတယ် "
စားပွဲအပြည့်ရှိတဲ့ ဟင်းပွဲတို့က လက်ညှိုးထိုးကာ
စွဲညို့ပြောလိုက်သည် ။ဒီကောင်တွေ ပိုက်ဆံကျတစ်ကျပ်မှ ထည့်မလာဘဲ ကားပေါ်ကဆင်းဆင်းချင်း မှာလိုက်တဲ့ဟင်းပွဲတွေကမနည်းမနော ၊
နောက်ပြီးရင် သူတို့စားထားသောက်ထားတာတွေ အကုန်စွဲညို့ဘဲ ရှင်းပေးရမှာကို
နည်းနည်းပါးပါးတော့ ပြန်ကူညီပေးသင့်ပါသည် ။"ကျွန်တော်က လဲပေးချင်ပါတယ် အကိုလေးရယ်
ဒါပေမယ့် အကိုလေးဘေးခုံက မိန်းကလေးဖြစ်နေလို့ ""ဟုတ်တယ် ကျွန်တော်လည်း အဲ့နေရာမှ ယောင်္ကျားလေးဆိုလဲပေးတယ် "
ပါးစပ်ထဲ ပလုတ်ပလောင်းစားသောက်ကာ
ပြိုင်တူပြောလာတဲ့ နှစ်ကောင်ကို စွဲညို့အရှေ့က ရေနွေးပန်းကန်နဲ့ ကောက်ပေါက်ချင်တာ လက်ကိုယားနေသည် ။
ပြော ပြောတတ်ပါ့ ယောင်္ကျားလေးသာဆို စွဲညို့လည်း အခုလိုအပင်ပန်းခံပြီး လဲခိုင်းနေမှာမဟုတ်"အေးမလဲပေးဘူးဆိုလည်းရတယ် ငါမင်းတို့စားထားတာတွေအတွက်
ပိုက်ဆံ မရှင်းပေးဘူး "စွဲညို့ လက်ကို ပိုက် ခုံမှာမှီထိုင်ကာ ခြိမ်းခြောက်ပစ်လိုက်သည် ။
နှစ်ကောင်သား စားနေသောက်နေတဲ့ လက်တွေရပ်တန့်သွားကြ၏ ။"အဟဲ အကိုလေးကလည်း ကျွန်တော်တို့ကစတာပါဗျ နော်ချမ်းမြေ့ရယ် "
"ဟုတ်တယ် လဲပေးမှာပါဗျာ အဟီး "
"တွေ့လားချမ်းမြေ့က လဲပေးမှာတဲ့ "
ရှိသမျှသွားအကုန်ဖြီးပြကာ ပြောလာတဲ့နှစ်ကောင်ကို စွဲညို့ ခပ်တည်တည်ကြည့်လိုက်သည် ။
နှစ်ကောင်လုံးက
ကောင်းကောင်းမွန်မွန်ပြောနေရင်
အထွန့်တက်လိုက်ရမှ ကျေနပ်ကြသည် ။
ထိုသို့ စရိုက်တူလို့လည်း ပေါင်းလို့သင်းလို့ရတာဘဲဖြစ်မည် ။